မွန်ပြည်နယ်တွင် တစ်ရက်အတွင်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ်တိုင် တိုက်ခိုက်ခံရပြီး တပ်သား ၁၀ ဦး သေဆုံးဒဏ်ရာရ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့၌ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား မွန်ပြည်နယ်ပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့မှရေးမြို့ဘက်သို့ ဦးတည်သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား မနက် ၉ နာရီ ၂၇ မိနစ်တွင် ရွာသာအေးရွာ အနီးတွင်တကြိမ် မနက် ၉ နာရီ ၅၁ မိနစ်တွင် ကနင်ကမော့ရွာ နှင့် အောင်သာယာရွာအနီးတွင် တစ်ကြိမ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦးဝန်းကျင် သေဆုံးဒဏ်ရာရပြီး ကား ၁ စီးပျက်စီးဆုံရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့သည် သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဉ်တန်းများအား ပစ်မှတ်တိုက်ခိုက်လေ့ရှိပြီး စက်တင်ဘာ ၂၈ တွင်လည်း ကား၄စီးပါ ယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

#မွန် #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ

#Ayeyarwaddy_Times