ဧရာဝတီတိုင်းတွင် ၁ လအတွင်း ဒေသခံပြည်သူ ၅၀ ကျော်စွပ်စွဲ ဖမ်းဆီးခံခဲ့ရ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂ ရက်

ဧရာဝတီတိုင်းမှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၅၀ ကျော်ကို စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ရိုးမတိုက်ဂါး အဖွဲ့ပစ်ခတ်ရှင်းလင်းမှုမှာ ဒေသခံပြည်သူ ၃၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

” ၃၀ ကျော် ၄၀ နီးပါးပေါ့ အတည်ကျတော့ မရေတွက်နိုင်တော့ဘူး ရွာတွေမှာ ညညဝင်ဖမ်းတာ ဒေသခံတွေရော CDM ရောအဖမ်းခံရတာ”လို့ ရေကြည်မြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ကောင်စီထောက်တိုင်နေရာတွေနဲ့ စစ်ဆေးရေးဂိတ်တွေ မစ်ရှင်ဖော်ဆောင်တဲ့အခါ ဒေသခံပြည်သူတွေစွပ်စွဲဖမ်းဆီးလေ့ရှိသူ လူငယ်တွေပိုအဖမ်းခံရ လေ့ရှိတယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ်က ရခိုင်တိုင်ရင်းသားတွေ ၆ ကိုတော့ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့သလို ကန်ကြီးထောင့်မြို့နယ်နဲ့ ဒေးဒရဲမြို့နယ်က ဒေသခံပြည်သူတွေကို စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။