မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်လာစေဖို့အတွက် Gray Hack Cat ဟက်ကာအဖွဲ့က ဝက်ဘ်ဆိုက်များမှတဆင့် သတင်းစကားများဖြန့်ဝေနေ

မင်းခ/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်စေရန် ရည်ရွယ်၍ Gray Hack Cat ဟက်ကာအဖွဲ့က ဝက်ဘ်ဆိုဒ် များမှတဆင့် သတင်းစကားများဖြန်ဝေနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဟက်ကာအများစုနဲ့ ဖွဲ့စည်းထားတဲ့ Gray Hack Cat အဖွဲ့ဟာ ပြည်ပအခြေစိုက် ဝက်ဘ်ဆိုက်များမှ “မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကလေးသူငယ်တွေပါမချန် သတ်ဖြတ်တာတွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်အာရုံစိုက်ပေးကြဖို့” ဆိုတဲ့ သတင်းစကားတွေ​ဖြန့်ဝေနေတာလို့ Gray Hack Cat အဖွဲ့ထံမှ သိရပါတယ်။

” အခုဆို တစ်ခြားနိုင်ငံတွေရဲ့အရေးခင်းတွေ စစ်ပွဲတွေ နိုင်ငံရေးတွေကြောင့် လူတွေက မြန်မာအရေးခင်းအာဏာသိမ်းခံရတာကို မေ့လျှော့ချင်နေကြပါပြီ။ တစ်နှစ်ကျော် ၂ နှစ်ပြည့်တော့မှာမလို့ သွေးအေးချင်နေကြတာလဲဖြစ်နိုင်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဒုက္ခတွေ စကစရဲ့ ယုတ်မာမှုတွေ အဖတ်မလုပ်တော့တဲ့

အစိုးရတွေကို မြန်မာအရေးကို ပြန်သတိထားမိစေချင်တဲ့ အစုလိုက်အပြုံလိုက် အသတ်ခံရတာ ရွာလုံးကျွတ်မီးရှို့ခံရတာတွေကိုပဲ ချပြချင်တာပါ” လို့ Gray Hack Cat အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သူတို့အနေနဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်တာဟာ Data တွေ ခိုးယူသုံးစွဲဖို့ Cyber War ဖန်တီးဖို့ မဟုတ်ပဲ ​မြန်မာနိုင်ငံအရေး နိုင်ငံတကာက အာရုံစိုက်လာစေဖို့နဲ့ တော်လှန်ရေးမှာ ပါဝင်လိုတဲ့ ဟက်တွေကို ဖိတ်ခေါ်ချင်တာကြောင့်ဖြစ်တယ်လို့ သူကဆိုပါတယ်။

“Data တွေ ခိုးယူသုံးစွဲဖို့ Cyber War ကိုဖန်တီးဖို့ တိုက်ခိုက်နေတာမဟုတ်ပါဖူး။ မြန်မာနိုင်ငံက အိပ်ပျော်နေတဲ့ IT Underground ကို လှုပ်နှိုးချင်တာပါ။ သူတို့တွေအနေနဲ့လည်း ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ဖိတ်ခေါ်လိုပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းလာမယ့် IT သမားတွေနဲ့ဆို မြန်မာနိုင်ငံအရေးကို ကမ္ဘာကသိအောင် Website တွေ Hack ပြီး

သတင်းစကားတွေ ပိုမို ဖြန့်နိုင်မယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံက Hacker Team တော်တော်များများဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီကိုကြောက်လို့ ပျောက်ကွယ်ကုန်ကြတာ တစ်နိုင်ငံလုံး အမြင်ပါ” လို့ Gray Hack Cat အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သူတို့အနေနဲ့ ပူးပေါင်းလာမယ့် ဟက်ကာတွေအင်အားနဲ့ မြန်မာနိုင်ငံအရေးကို ကမ္ဘာကသိအောင် သတင်းစကားများ ပိုမိုဖြန့်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်ပ ဝက်ဘ်ဆိုက်တွေကတဆင့် သတင်းစကားများဆက်လက်ဖြန်ဝေသွားမှာဖြစ်တယ်လို့ Gray Hack Cat အဖွဲ့ထံမှ သိရပါတယ်။

ဓာတ်ပုံ – Gray Hack Cat

#GrayHackCat #မြန်မာစစ်တပ် #ရာဇဝတ်မှု #နိုင်ငံတကာ #သတင်းစကား

#Ayeyarwaddy_Times