တောင်ဒဂုံ ၂၅ နဲ့ ၅၃ ရပ်ကွက်မှာ လင်မယား ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ၂၅ ရပ်ကွက်မှာ တရက်အတွင်း ပစ်ခတ်မှု ၂ကြိမ် ဖြစ်ပွားခြင်းဖြစ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ် ကွက်နှင့် ၅၃ ရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက အမျိုးသား ၁ ဦးနှင့် လင်မယား ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ၂၅ ရပ်ကွက်ရှေ့တွင် ကွမ်းယာရောင်းသည့် ဌေးဝင်းဆိုသူ ကွမ်းယာဆိုင်မှာပင်ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ထို့အပြင် ၅၃ ရပ်ကွက် သီရိမြိုင်လမ်းနေ ဦးစန်းမြင့်နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်သီသီစိုး တို့ဖြစ်ပြီး ၄င်းတို့နေအိမ်သို့လည်း အမည်မသိလက်နက်ကိုင် ၂ ဦးက လာရောက်ပစ်ခတ်ခဲ့သဖြင့် နေရာတင်သေဆုံးခဲ့ကြောင်းသိရသည်။

” ၆ နာရီလောက်မှာ ၂၅ ရုံးရှေ့မှာ ကွမ်းရောင်းတဲ့ ဌေးဝင်းပစ်ခံရတယ်။ သူကရပ်ကွက်ရုံးရှေ့ဆိုင်ဖွင့်တာဆိုတော့ ဘာတွေအရှုပ်အရှင်းတွေရှိလဲတော့မသိဘူး ၃ ချက်ပစ်သွားတယ်။ ဦးစန်းမြင့် တို့လင် မယားက သံပန်းလုပ်ငန်း လုပ်တာ။ ဘာလို့အသတ်ခံရတယ်တော့မသိဘူး၊ နာရီ ဝက်လောက်ဘဲခြားတယ် ၊ အဲ့ဒီ ပစ်ခံရတဲ့ ၂ခုက”ဟု တောင်ဒဂုံမြို့ခံအမျိုး သားတဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့မနက်ပိုင်းတွင် တောင်ဒဂုံပန်းခြံရှေ့တွင် စစ်ကောင် စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်စုစည်းပြီး ၂၅ ရပ်ကွက်ပိတ်ဆို့စစ်ဆေးပြီး ရပ်ကွက်တွင်း ရမ်းကားနေကြောင်း ရပ်ကွက်နေသူတဦးကလည်း ပြောသည်။

အဆိုပါပစ်ခတ်မှုများအား မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်နှင့် မည်သည့်အဖွဲ့ကပစ်ခတ်ခဲ့သည်ကို ဧရာဝတီတိုင်းမ်အနေဖြင့်သီးခြားအတည်မပြုနိုင်ပါ။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့တရက်ထဲမှာပင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် ရာအိမ်မှူး ဇော်မင်းထွန်းနှင့် နှင့်ထွေအုပ်သတင်းပေး နွယ်နီလှိုင်တို့ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုများရှိခဲ့သဖြင့် ၂၅ ရပ်ကွက်တခုထဲမှာပင် တရက်ထဲပစ်ခတ်မှု၂ကြိမ်ဖြစ်ခဲ့ကြောင်းသိရသည်။

#AyeyarwaddyTimes