
ပြည်တွင်းဘဏ်အကောင့်များမှ နေ့စဥ်ငွေထုတ်ယူခွင့် ကန့်သတ်ထားသည့်အပြင် ATMစက်များပိတ်ထားခြင်းကြောင့် ငွေထုတ်လိုသူများ အခက်တွေ့နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှာ နေ့စဥ်ငွေထုတ်ယူခွင့်အား ကန့်သတ်ထားသည့်အပြင် ATMစက်များပိတ်ထားခြင်းကြောင့် ဘဏ်အကောင့်ထဲမှ ငွေထုတ်ယူအသုံးပြုသူများအခက်တွေ့နေရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း ဗဟိုဘဏ်က ဘဏ်အကောင့်အသုံးပြုသူများအတွက် နေ့စဥ် ငွေထုတ်ယူခွင့်အား ပမဏအနည်းငယ်သာ ကန့်သတ်ထားခြင်းကြောင့် ဘဏ်အကောင့်ထဲမှ ငွေပမဏ အများအပြားထုတ်ယူလိုသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကျန်းမာရေးအနေနဲ့ အကောင့်ထဲက ငွေထုတ်ချင်တယ်။ စီးပွားရေးအတွက် အရင်းအနှီးပြုချင်တယ်။တစ်နေ့ နည်းနည်းပဲထုတ်လို့ရတော့ ခက်တယ်။ အရင်အစိုးရလက်ထက်ကဆို ကိုယ်ထုတ်ချင်တဲ့ပမာဏကို ကြိုက်သလောက်ထုတ်ယူလို့ရတယ်။ တကယ် သေရေး၊ရှင်ရေးအရေးတကြီးငွေထုတ်ဖို့လိုရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခေါင်းကိုက်ရတယ်”ဟု
မကွေးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပုဂ္ဂလိကဘဏ်များမှ ATMစက်များကို ယခုနှစ် မေလမှစတင်ကာ လုံခြုံရေးအရ ပိတ်ထားခြင်းကြောင့် ATM ကတ်ဖြင့်ငွေထုတ်ယူသုံးစွဲသူများ ကုမ္ပဏီဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်များဖြစ်ပေါ်နေကြောင်း သိရသည်။
“ကုမ္မဏီက လုပ်ခလစာကို ATM ကတ်ထဲထည့်ပေးတာ ။ ATM စက်တွေကို ပိတ်ထားတော့ လကုန်လို့ လစာထုတ်ချင်ရင် အရင်လို ATMစက်မှာသွားထုတ်လို့မရတော့ဘူး။ATM ကတ်ကိုင်ပြီး ဘဏ်မှာတိုးပြီး လစာထုတ်ရတော့တာပဲ။ATM ကတ်ကအကောင့်နဲ့ Mobile Bankingနဲ့ချိတ်ထားတော့ အပြင်ဆိုင်တွေမှာလည်း ထုတ်ချင်ထုတ်လို့ရတယ်။ ဒါပေမယ့် ဆိုင်ကို
ပေးရတဲ့ percentage (ရာခိုင်နှုန်း)များတော့ ဘဏ်မှာပဲ တုံကင်ယူပြီးသွားထုတ်ရတော့တယ်”ဟု ရန်ကုန်မြို့ခံ ကုမ္မဏီဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘဏ်များမှာလည်း ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေရခြင်းကြောင့် ယခုကဲ့သို့ ငွေကြေးထုတ်ယူသုံးစွဲမှုပမာဏကို ကန်သတ်ထားရခြင်း ဖြစ်ကြောင်းသိရသည်။
” ဗဟိုဘဏ်ကထုတ်ပေးထားတဲ့ Rules (စည်းမျဉ်း) ကတော့ရှိတာပေါ့။ တချို့ကိစ္စတွေကျ Customer တွေရဲ့ အရေးပေါ်ကိစ္စလေးတွေ အပေါ်လိုက်ပြီး လုပ်ဆောင်ပေးနေရတာလေးတွေတော့ ရှိပါတယ် ။ အဓိကကကျန်းမာရေးပြဿနာ အရေးပေါ်ဆေးကုသစားရိတ်တို့ ဆိုရင်တော့ စဉ်းစားလုပ်ဆောင်ပေးရတဲ့အခြေအနေတွေရှိပါတယ်။ ကျနော်တို့ ဘဏ်က တစ်နေ့
ဘယ်လောက်ထုတ်ပေးလဲဆိုတာတော့ Confidential(လျှို့ဝှက်) ပေါ့”ဟု ပဲခူးတိုင်းမှ ဘဏ်ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းများပြိုလဲမသွားစေရန်အတွက် ဗဟိုဘဏ်မှ ဘဏ်များအကြားငွေကြေးစီးဆင်းမှု ပြဿနာများလျော့နည်းစေရန် ဘဏ်အကောင့်တစ်ခုမှ
တစ်နေ့တာ ငွေကြေးထုတ်ယူသုံးစွဲခွင့် ပမာဏကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။
ATM စက်များကိုမူ ဘဏ်များ၏ လုံခြုံရေးအတွက်အကြောင်းပြချက်ဖြင့် ပိတ်ထားခြင်းဖြစ်ပြီး ဘဏ်အကောင့်နှင့် ATM ကတ်များ ကိုင်ဆောင်သုံးစွဲသူများမှာ ယခင်အရပ်သားအစိုးရလက်ထက်ကဲ့သို့ လွတ်လပ်စွာ ငွေကြေးထုတ်ယူသုံးစွဲခွင့်မရှိတောကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပြည်တွင်းဘဏ် #နေ့စဥ် #ငွေထုတ်ယူခွင့် #ကန့်သတ် #ATM #အခက်တွေ့
#Ayeyarwaddy_Times