
ဗိုလ်ချုပ်ဟောင်း အုန်းသွင် အသတ်ခံရပြီးနောက် ရန်ကုန်မြို့နယ်တချို့က စစ်မှုထမ်းဟောင်း အရာရှိကြီးမိသားစုတချို့ နေပြည်တော်သို့ ရွှေ့ပြောင်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ဝ၊ ၂ဝ၂၂
ဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့်သားမက်ဖြစ်သူတို့ အသတ်ခံရပြီးနောက်ပိုင်း ရန်ကုန်ရှိ၊ တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်က စစ်တပ်အရာရှိကြီးဟောင်းများ လုံခြုံရေး စစ်ယာဉ်တန်းဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့နေကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့တချို့၏ သတင်းအချက် အလက်များအရ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက နေပြည်တော် အမြန်လမ်းသို့ စစ်တပ်လုံခြုံရေးယာဉ်တန်းဖြင့် ထွက်ခွာသွားသော စစ်တပ်အရာရှိကြီးဟောင်းများ၏ မိသားစုကားတန်းကို တွေ့ရှိရကြောင်း၊ တောင်ဥက္ကလာပမြို့နယ်မှ မိသားစုတခု၊ မရမ်းကုန်းမြို့နယ်မှ မိသားစု နှစ်ခုတို့ဖြစ်ကြောင်း၊ ၎င်းတို့၏ ကားတန်းကို လုံခြုံရေး စစ်တပ်များရှိနေသည့်အတွက်
မည်သည့် မိသားစုများဖြစ်သည်ကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့၏ သတင်းတာဝန်ခံတဦးဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
‘‘ကျနော်တို့ အဖွဲ့တွေ စုံစမ်းလိုက်တဲ့သတင်းအရတော့ စစ်တပ်အရာရှိဟောင်းတွေ စရွှေ့နေတာ ဟုတ်တယ်။ နေပြည်တော်လောက်ဘဲလတ်တလောလုံခြုံတာဆိုတော့ နေပြည်တော်လို့ဘဲယူဆရတယ်။ မနေ့က ၃ ယောက်တိတိသတင်းရတယ်။ အဓိက သူတို့အိမ်တွေမှာ အိမ်အကူတွေကလွဲပြီး မိသားစုဝင်တွေ စတင်ပြောင်းနေပြီ။ ကျနော်တို့သတင်းအဖွဲ့တွေက သူတို့
အာဏာသိမ်း စစ် တပ်အားပေး မလုပ်ရင် ဘာမှ လုပ်စရာမရှိဘူး။ ရှိတဲ့သူတွေပဲ ကျနော်တို့ ရှင်းလင်းမှာ။ ဒါပေမယ့် စစ်မှု ထမ်းဟောင်း အရာရှိကြီးတွေကတော့ ကြောက်လန့်တကြား ပြောင်းနေကြတာ’’ ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ဂေါက်ရိုက်ရာမှ ပြန်လာသော ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ရဲတေဇတို့သည် လှိုင်မြို့နယ်၊ အောင်ဓမ္မရိပ်သာလမ်းရှိ နေ့အိမ်ခြံဝတွင်ပင် အင်းယားမြို့ပြပျောက်ကျား တပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ဟောင်း အုန်းသွင်သည် စစ်ဗိုလ်မှူးချုပ်ဘဝနှင့် အငြိမ်းစားယူခဲ့ပြီနောက် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နှင့် တောင်အာဖရိကနိုင်ငံများတွင် သံအမတ်များဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ဒုခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာအရင်းလည်းဖြစ်ကြောင်း၊ စစ်တက္ကသိုလ် DSA တွင်
သင်တန်းပို့ချနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယကဖြစ်သူ၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်းဖြစ်သူဖြစ်ကြောင်း သိရသည်။
‘‘အေးပေါ့ကွာ။ သူတို့တွေကတော့ တသက်စားမကုန်တဲ့ စည်းစိမ်တွေကို အကုန်လုံးသိမ်းပိုက်ထားပြီးထားပဲပေါ့။ ငါတို့လို တပွင့်၊ နှစ်ပွင့်လောက်နဲ့ အငြိမ်းစားယူခဲ့သူတွေကတော့ ဘယ်တက်နိုင်မလဲ။ အခု စစ်တပ်ကိုလည်း အားမပေး သလိုပဲ၊ လူတွေသတ်နေတာကိုလည်း အားမပေးဘူး။ တခုပဲ။ ငါတို့အနေနဲ့ကတော့ အေးအေးဆေးဆေးပဲ နေနေတယ်။ အဲဒါမှ
ဖြစ်လာတော့လဲ ကံပဲပေါ့’’ ဟု မှော်ဘီမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်း 501 မှ အငြိမ်းစား ယူခဲ့သော လေတပ်အရာရှိတဦးက မှတ်ချက်ပြုသည်။
ဓာတ်ပုံ – ၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက် စစ်ကောင်စီရဲ့တပ်မတော်နေ့အခမ်းအနားကိုတက်ရောက်ခဲ့သည့် စစ်မှုထမ်းဟောင်းအရာရှိကြီးများ။
#ရန်ကုန် #စစ်မှုထမ်းဟောင်း #အရာရှိကြီးတချို့ #ရွှေ့ပြောင်း #နေပြည်တော် #AyeyarwaddyTimes