
ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်သာမက စက်ဘီးနဲ့ ဆိုက္ကားတွေကို ဘဲလ်မပါလို့ဆိုပြီး အပြစ်ရှာ ဖမ်းဆီးဒဏ်ရိုက်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်တွေသာမက စက်ဘီးနဲ့ ဆိုက္ကားတွေကို ဘဲလ်မပါလို့ဆိုပြီး အပြစ်ရှာ ဖမ်းဆီးဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ တတိယပတ်ကစတင်ကာ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီက ယာဥ်စည်းကမ်းကြပ်မတ်ရေးခေါင်းစဥ်နဲ့ မြို့ပေါ်ရပ်ကွက် လမ်ကြိုလမ်းကြားပါမကျန် ဆိုင်ကယ်၊ကား၊စက်ဘီးနဲ့ ဆိုက္ကားတွေကို ဖမ်းဆီးဒဏ်ရိုက်နေတာလို့ သိရပါတယ်။
” ဟင်္သာတမှာ ဘဲလ်မရှိတဲ့ စက်ဘီးနဲ့ ဆိုက္ကားတွေကို ဖမ်းနေတယ်။ နောက်ဘီးမှာ ရောင်ပြန်မပါရင်လည်းဖမ်းတယ်။ ဆိုက္ကားတွေဆိုလည်း တချိူ့ကိုလည်း ဆိုက်ကားအင်္ဂါရပ်နဲ့မညီလို့ဆိုပြီးဖမ်းတယ်။ ဖမ်းချင်တိုင်းကို ဖမ်းကြတယ်။ အရင်က ဆိုင်ကယ်တွေဖမ်းတော့။ ဆိုင်ကယ်တွေကုန်တော့ စက်ဘီးတွေဘက်လှည့်လာပြီ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက
ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဟင်္သာတမြို့နယ် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်း၊ ရဲ၊ ယာဥ်ထိန်းရဲနဲ့ အရံမီးသတ်တွေက ယာဥ်စည်းကမ်းကြပ်မတ်ရေးခေါင်းစဥ်နဲ့ မြို့နယ်အတွင်း ဆိုင်ကယ်၊ကား၊စက်ဘီးနဲ့ ဆိုက္ကားတွေကို ထင်သလိုဖမ်းဆီး အကြောင်းမျိုးစုံတပ်ပြီး ဒဏ်ရိုက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက စီမံချက်နဲ့ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးဒဏ်ရိုက်ပြီး ပိုက်ဆံရှာနေတယ်လို့ ပုသိမ်၊ မအူပင်၊ ကျောင်းကုန်မြို့နယ် ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဟင်္သာတ #ဘဲလ် #စက်ဘီး #ဆိုက္ကား #ဖမ်းဆီးဒဏ်ရိုက်
#Ayeyarwaddy_Times