
ရန်ကုန်မြို့လယ်မှာ အရပ်ဝတ်နဲ့ကွမ်းယာထွက်ဝယ်တဲ့ စစ်ကောင်စီတပ်သား ပစ်ခတ်ခံရပြီးသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးရှေ့တွင် အရပ်ဝတ်ဖြင့်ကွမ်းယာထွက်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများထံကသိရသည်။
အဆိုပါစစ်ကောင်စီတပ်သားသည် ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ၂၆ လမ်းထိပ်ရှိ မဟာသိမ်တော်ကြီးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှဖြစ်ပြီး ကွမ်းယာဝယ်ယူနေစဥ် အမည်မသိသေနတ်သမားတဦးမှပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
” သေတာက အရပ်ဝတ်နဲ့ တပ်ကလူသေတာ၊ အဆင့်က တော့တပ်သားအဆင့်ဘဲ။ ကွမ်းယာဝယ်ပြီးလို့ ဆိုက်ကားပေါ်မှာထိုင်နေတုန်း ပစ်သွားတာလို့သိရတယ် “ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် ရန်ကုန်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်ရှိ လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး စစ်ကားအများအပြားရောက်ရှိပိတ်ဆို့ရှာဖွေခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ယနေ့တွင် ရန်ကုန်မြို့ တောင်ဒဂုံနှင့်မြောက်ဒဂုံမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်သတင်းပေး ရာအိမ်မှူးများပစ်ခတ်ခံရပြီး ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#ပန်းဘဲတန်း #ရန်ကုန် #မဟာသိမ်တော်ကြီး #စစ်ကောင်စီတပ် #ပစ်ခတ်ခံရ #AyeyarwaddyTimes