သထုံမှာ သေနတ်နဲ့ဗိုလ်ကျနေတဲ့ ပျူစောထီးခေါင်းဆောင် စိုးဝင်း ကို လဘက်ရည်ဆိုင်မှာရှင်းလင်း၊ သေနတ် ၁ လက်သိမ်းဆည်းရမိ

ဧရာဝတီတိုင်းမ်

(သထုံ)၊ စက်တင်ဘာလ ၂၉ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေဗရိန်းကျေးရွာက ပျူစောထီးခေါင်းဆောင် စိုးဝင်းကို စက်တာဘာလ ၂၉ ရက် ယနေ့ မနက် ၇ နာရီ ဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။

ဒေးဗရိန်းဖိုးထောင် ခေါ် စိုးဝင်းအား ၎င်းနေအိမ်အနီး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်တွင် သထုံပကဖ မှ နန်းထိုက်အောင်စစ်ဆင်ရေးအ‌နေဖြင့် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ရာ ၄င်းကိုင်ဆောင်သည့် ၆ ခြောက်လုံးပြူးသေနတ်တစ်လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“သူ့ကို လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းသွားရှင်းတာ၊ သူကပြန်ခုခံဖို့လုပ်တော့ ခေါင်းကိုပဲပစ်ပီးရှင်းလိုက်တယ်၊ သူ့မှာအတိုတစ်လက် အရှည်တစ်လက်ရှိတာ၊ခုတော့ အတိုနဲ့ကျည်ဆံ၅တောင့်ရခဲ့တယ်၊ ပျူစောထီးနာမည်စာရင်းတွေလည်း ရခဲ့တယ်၊ သူ့ကိုဒေသခံတွေကကြောက်ရတယ်၊ ခုလက်ဖက်ရည်ဆိုင်ဆိုလည်း သူ့ကိုအလကားတိုက်ရတာ၊ပိုက်ဆံမတောင်းရဲဘူး”

ဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရှင်းလင်းခံရသူ စစ်ကောင်စီလက်အောက်ခံ စိုးဝင်းသည်ဒေသခံများအား လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း၊ နိုင်ထက်စီးနင်းပြုမူခြင်းများရှိကာ၎င်းအား စစ်ကောင်စီမှ သေနတ် ၂ လက်ပေးထားပြီး ယမန်နေ့ညတွင်လည်း သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း နန်းထိုက်အောင်စစ်ဆင်ရေးအနေ ဖြင့် သထုံမြို့နယ် လျှပ်စစ်ရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့်တပ်သား၂ယောက်ထိမှန်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။

#သထုံ #ပျူစောထီး #ပစ်ခတ်ရှင်းလင်းခံရ #သေနတ်တလက် #သိမ်းဆည်းရမိ #AyeyarwaddyTimes