
တောင်ဒဂုံက စစ်ကောင်စီခန့် ရာအိမ်မှူး ဇော်မင်းထွန်းနဲ့ ထွေအုပ်သတင်းပေးနွယ်နီလှိုင် ပစ်ခတ်ခံရပြီး ဇော်မင်းထွန်းသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ် ကွက် ရာအိမ်မှူးနှင့် အမျိူးသမီး ၁ ဦးတို့ ယနေ့ စက်တင် ဘာလ ၂၉ ရက် မနက် ၈ နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဇော်မင်းထွန်းဆိုသူဖြစ်ပြီး တောင်ဒဂုံ၂၅ ရပ်ကွက်၊ သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ပစ်သတ်ခံရသည့် စစ်ကောင်စီခန့်ရာအိမ်မှူးဇော်မင်းထွန်းသည် မိတ်ဆွေဖြစ်သူ မနွယ်နီလှိုင်အား ဆိုင်ကယ်ဖြင့် ကား ဂိတ်သို့သွားစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။
“ခုပစ်ခံရတာ ရာအိမ်မှူးပါ။ သူနဲ့အတူပစ်ခံရတဲ့ မိန်းမက မိတ်ဆွေဖြစ်မယ်ဗျ။ သူတို့က ဆိုင်ကယ်နဲ့ သွားတာ။ သူတို့နောက်ကနေပြီး ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပစ်တာဗျ။ သူကဇောင်းထနေတာကြာပြီ။ ခုလိုဒလန်တွေ ရပ်ရွာကို အကျိူးမပြုတဲ့သူတွေကို ရှင်းလင်းပစ်တာကောင်းတယ်”ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဇော်မင်းထွန်းတွင် ဝဲရင်ဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးပြီး အတူလိုက်ပါသည့် မနွယ်နီဆိုသူတွင် ကျောနှင့် လက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိကြောင်းသိရှိရသည်။
ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ဖွဲ့မှလည်း “ခုလို ထောက်တိုင် ဒလန်တွေကို ရှင်းထုတ်သွားမှာပါ။ အေး ဆေးနေရင် ဘာမှမဖြစ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာကလည်း သူတို့နဲ့ ဝေးဝေးနေပါ။ ခုဆို ဖြစ်တဲ့ ဖြစ်စဥ်တိုင်းမှာ သူတို့နဲ့ပတ်သက်ဆက်နွယ်သူတွေပါ ထိခိုက်နေတာ သိကြမှာပါ။ သူတို့နဲ့ ဝေးလေ အန္တရာယ်ကင်းလေပါပဲ”ဟု ပြောသည်။
အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ရန်ကုန်မြို့ပြပြောက်ကျား SGDF UG အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး တောင်ဒဂုံက စစ်ကောင်စီကိုသတင်းပေးနေသည့် ထွေအုပ်သတင်းပေး နွယ်နီလှိုင်ကိုပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထား သည်။
သာကေတမြို့နယ်မှာလည်း ယမန့်နေညပိုင်းအချိန်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
#တောင်ဒဂုံ #ရာအိမ်မှူး #ပစ်ခတ်ခံရ #သေဆုံး #AyeyarwaddyTimes