
ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ တပ်သား ၄ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာ အနီးတွင် စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ကား ၄ စီးပါစစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ညိုပြည်သူ့ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။
သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းအား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ၄၀ မမ များဖြင့် ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရှိကြောင်း သိရသည်။
“သူတို့လာမယ်ဆိုတာ ကြိုသိလို့စောင့်နေတာ၊
ဒီလမ်းကိုဒီကောင်တွေ မသုံးလို့မရဘူးလေ။
မိုင်းတော့မဆွဲပါဘူး၊ ပြည်သူတွေအမြဲသွားလာနေတဲ့လမ်းဆိုတော့ မတော်တဆထိမှာလည်း စိုးတယ်။ဒါကြောင့်စောင့်ပစ်တာပါ၊အဓိက ဖိုးတီးအာပီဂျီပဲ သုံးတယ်။ကားကတော့ အနည်းအကျဥ်းလောက်ပဲ ပျက်စီးသွားတယ်” ဟု တိုက်ပွဲဝင်တော်လှန်ရေးတပ်သားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှပြန်လှန်ပစ်ခတ်မှုများရှိသော်လည်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။
တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်တွင်လည်း ကား၁၀စီးပါစစ်ကောင်စီယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးအထက်သေဆုံးပြီး ကား ၃ စီးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်များမရ သိရသည်။
#Ayeyarwaddy_Times