
စစ်ကောင်စီခန့်အုပ်ကြီးတွေက မြန်အောင်မြို့နယ်တွင် လောင်းကစားဝိုင်းများကို အပတ်စဉ် ၃ သိန်းယူကာ ဖွင့်ခွင့်ပေးထား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လောင်းကစား ဝိုင်းတွေကို အပတ်စဉ် ၃ သိန်းကနေ ၅ သိန်းကြားယူပြီး ဖွင့်ခွင့်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆုံလဲကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က လောင်းကစားဒိုင်တွေနဲ့ ပေါင်းပြီး လောင်းကစားဝိုင်းလုပ်ဖို့အတွက် လိုင်းကြေးယူကာ ဖွင့်ခွင့်ပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ထောက်ခံစာလုပ်ရင်လည်း ပိုက်ဆံအရမ်းတောင်းတယ်၊ လောင်းကစားဝိုင်းတွေလုပ်ခိုင်းတာ အဲ့ဝိုင်း တွေကိုလည်း ပိုက်ဆံတအားတောင်းတာ ရပ်ကွက်တွေထဲထိလည်း ရဲတွေခေါ်ခေါ်လာပြီး ပါဝါက ပြသေးတယ်”လို့ မြန်အောင်မြို့ခံ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လောင်းကစားဝိုင်းတွေကို ကျေးရွာတွေဘက်ထိ ဖွင့်ခွင့်ပေးပြီးနောက်ပိုင်း ဒေသခံပြည်သူတွေရဲ့ လယ်ယာသုံး ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ ပျောက်ဆုံးမှုများလာတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ပေးတာရှိသလို ကျေးရွာတွေမှာလည်း လောင်းကစားဝိုင်း တွေကို ပိုက်ဆံယူ ဖွင့်ခွင့်ပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times