
KPay အကောင့်များ ပိတ်သိမ်းခံရ၍ KPay အသုံးပြုသူအများအပြား အကောင့်ထဲငွေလက်ကျန်မထားပဲ အကုန်ထုတ်နေ
အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ အွန်လိုင်းငွေကြေးဝန်ဆောင်မှုဖြစ်သည့် KBZ Pay အကောင့်များ ပိတ်သိမ်းခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် KPay အသုံးပြုသူအများအပြားမှာ အကောင့်ထဲတွင် ငွေလက်ကျန် မထားဘဲ အကုန်ထုတ်ယူမှုများ ပြုလုပ်နေကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်း Mobile Wallet (မိုဘိုင်းအီလတ်ထရောနစ်ပိုက်ဆံအိတ်)တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်၏ KPay အကောင့်များစွာကို စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီ လက်အောက်ရှိ ဗဟိုဘဏ်၏ညွန်ကြားချက်အရဆိုကာ ကမ္ဘောဇဘဏ်က ပိတ်သိမ်းလိုက်သည့်နောက် KPay သုံးစွဲသူများမှာ ယုံကြည်မှုမရှိတော့သည့်အတွက်
အကောင့်ထဲမှ ပိုက်ဆံများကို လက်ကျန်မထားဘဲ ထုတ်ယူမှုများ ပြုုလုပ်နေကြခြင်းဖြစ်သည်။
“ကျွန်မကတော့ စစ်ကောင်စီကိုရော ကမ္ဘောဇ ဘဏ်ကိုရော မယုံတော့ဘူး။ အဲတော့ အလုပ်နဲ့ပတ်သတ်ပြီး အကောင့်ထဲဝင်လာတဲ့ငွေတွေ ရောက်တာနဲ့ ထုတ်ထားတယ်။ မတော်လို့ ကိုယ့်အကောင့်အပိတ်ခံရရင် ကိုယ်ကြိုးစားရှာထားတာတွေ သူတို့ အလကားယူသွားမှာ။ ကိုယ်ပင်ပင်ပန်းပန်းရှာထားတာ သူတို့ကိုတော့ မပေးနိုင်ဘူး”ဟု ပုသိမ်မြို့နယ်မှ
အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။
စစ်ကောင်စီက KPay နှင့် Wave Money စသော အွန်လိုင်းငွေကြေးများကိုအသုံးပြု၍ တော်လှန်ရေး အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့နေသည်ဟုယူဆပြီး ၎င်းတို့သံသယရှိသောအကောင့်များကို စည်းကမ်းနှင့်မကိုက်ညီဟုဆိုကာ ပိတ်သိမ်းနေခြင်းဖြစ်ကြောင်း KPay အသုံးပြုသူများက ပြောသည်။
ဗဟိုဘဏ်နှင့်နီးစပ်သူများအဆိုအရ စစ်ကောင်စီက ပထမအသုတ်အဖြစ် ပိတ်သိမ်းလိုက်သော KPay အကောင့်ပေါင်း ၈ ထောင်ကျော်ရှိပြီး ငွေကျပ်သိန်းပေါင်း ၂ သောင်းကျော်ရှိကြောင်း သိရသည်။
ထိုသို့အကောင့်များပိတ်သိမ်းခြင်းကြောင့် အွန်လိုင်းအသုံးပြု၍ ရောင်းဝယ်ဖောက်ကားနေသူများအတွက် အချိန်ကြန့်ကြာမှုနှင့် ငွေကြေးလွှဲပြောင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“အဓိကကတော့ KPay အကောင့်သုံးစွဲသူတွေရဲ့စိတ်မှာ လုံခြုံမှုမရှိတော့တာပါပဲ။ ဒီနေ့ ရောင်းရငွေကို အရင်လို KPay အကောင့်ထဲ မထားရဲဘူး။ ဘဏ်အကောင့်ထဲ ပြန်လွှဲထားရတယ်။ ဘဏ်အကောင့်ကလည်း တစ်နေ့ကို ၁၀ သိန်းပမာဏပဲ ငွေသွင်းငွေထုတ်လုပ်လို့ရတော့ တစ်နေ့ရောင်းရငွေ ပမာဏများရင် မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေရပြီ”ဟု ပြည်မြို့မှ
အွန်လိုင်းရှော့ပင်းလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် KPay အေးဂျင့်ဆိုင်များ၌ ငွေသွင်းငွေထုတ်သူ ပိုမိုများပြားနေပြီး အေးဂျင့်တချို့မှာ ငွေထုတ်မှုအတွက် ရာခိုင်နှုန်း ကောက်ခံမှုမှာလည်း ယခင်က ၃ ရာခိုင်နှုန်းမှ ယခု ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ယူနေကြောင်း သိရသည်။
“အေးဂျင့်တွေကတော့ အလုပ်ဖြစ်ပါတယ်။ နေ့စဉ်ငွေသွင်းငွေထုတ် ပမာဏများလာတယ်။ တချို့အသိတွေကို မေးကြည့်တော့ အကာင့်ထဲငွေမထားရဲလို့ လာထုတ်ကြတယ်လို့ ပြောတယ်။ KPay အပေါ် ယုံကြည်မှု လျော့လာတယ်။ ကိုယ့်ငွေနဲ့ကိုယ် စိတ်ပူနေရတယ်။ ဒါမျိုးတွေပဲ ဆက်တိုက်ကြားနေရတယ်”ဟု မကွေးမြို့မှ
အွန်လိုင်းငွေကြေးအေးဂျင့်တစ်ဦးက ဆိုသည်။
#KPay #အွနိုင်းငွေကြေး #Ayeyarwaddy_Times