ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ကာအတင်းကြပ်ဖမ်းဆီးမှုများနေပြီးနောက် တရားမဝင်ကုန်သွယ်မှုကျဆင်းလာကြောင်း နေပြည်တော်တွင် ယမန်နေ့ကကျင်းပသည့် စစ်ကောင်စီအဖွဲ့ဝင်အစည်းဝေးတွင် ညိုစောက ပြောကြားလိုက်သည်။
လက်ရှိတွင် စားသောက်ကုန်၊ လူသုံးကုန်များအပါအဝင် လုပ်ငန်းသုံးကုန်ပစ္စည်းများရှားပါးဈေးတက်နေပြီး ပြည်တွင်းထွက်ကုန်များလည်းဈေးကြီးမြင့်နေကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။
တရားမဝင်ကုန်သွယ်မှုသည် လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများအပေါ်ဆိုးကျိုးသက်ရောက်စေပြီး တိုင်းနှင့်ပြည်နယ်များတွင်တိုးတက်ဖမ်းမိနိုင်ရေးအပါအဝင် သက်ဆိုင်ရာဥပဒေများအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်း ညိုစောက ခြိမ်းခြောက်ပြောကြားသည်။

အခြေခံစားသောက်ကုန်များအပါအဝင် ပြည်တွင်းကုန်စည်ဈေးကွက်၌ ပြင်ပတင်သွင်းသောကုန်ကြမ်များကိုမှီခိုထုတ်လုပ်ရသည့်ကုန်ပစ္စည်းများအဈေးတက်လျက်ရှိပြီး ကုန်ပစ္စည်းရှားပါးနေကြောင်း ရန်ကုန်မြို့ရှိညောင်ပင်လေးဈေးမှ စုံစမ်းသိရသည်။
“ဈေးတွေတက်ချက်က ကြောက်စရာကြီး။ အချိုရည်၊ ဆေးလိပ်အစ သားငါးဈေးနဲ့ ဟင်းသီးဟင်းရွက် တွေဈေးတက်တယ်။ ယိုးဒယားကုန်တွေဆိုရှားတယ်။ လမ်းတွေပိတ်ကုန်တွေမဝင်တော့ ကုန်ရှိပြီးသားက ဈေးတက်နေတယ်။ ကွန်ပြူတာပစ္စည်းတွေလည်းဈေးတက်တယ်” ဟု ရန်ကုန်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
လက်ရှိစားသောက်ကုန်ဈေးကွက်၊ လူသုံးကုန်ပစ္စည်းများလည်းရှားပါးဈေးတက်ရာ၌ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်မှုကြောင့်လည်းပါဝင်ကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့ပြင်သယ်ယူပို့ဆောင်ရေးအပိုင်းတွင် ယာဉ်အပိုပစ္စည်းများဈေးကြီးမြင့်မှု၊ ကုန်တင်ခဈေးကြီးမှုအပါအဝင် စစ်ဆေးရေးဂိတ်များတွင်ငွေကြေးပေးရခြင်းများပါရှိကြောင်း ကုန်ကားမောင်းသူတစ်ဦးက ပြောကြားသည်။
“ ထိုင်းဘက်က ကားဘီးတွေမဝင်လို့ ကားဘီးတွေလည်းဈေးတက်တယ်။ ကားသေးဘီး ( ၁၃ လက်မ) ဆိုရင်ပဲနှစ်သိန်းကျော်တယ်။ ဒါတောင်အသစ်မဟုတ်ဘူး။ အဟောင်းတွေထဲ နည်းနည်းကောင်းတာသုံးနေရတာ။ ဗမာပြည်ထုတ်တွေက အဲဒီဈေးက ဒါပေမဲ့မကောင်းဘူး။ မာတယ်။ ဘယ်သူ့မှမသုံးကြဘူး” ဟု ရန်ကုန်မြို့အတွင်း တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။
ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုများကြောင့် ပြည်တွင်းရှိ နေ့စဉ်သုံးလူသုံးကုန်ပစ္စည်းများနှင့် အခြေခံဆေးဝါးများပြတ်လပ်သွားပြီး ဈေးနှုန်းမြင့်တက်ရာ၍ တစ်ဆခွဲမှ လေးဆအထိမြင့်တက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားရန်ခက်အခဲခြင်းများရှိကြောင်း မြန်မာ့ဗဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP) ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်ကော်မရှင်၏ စီးပွားရေးမူဝါဒအလွဲ၊ စီမံခန့်ခွဲမှုအမှားများက စီးပွားရေးစနစ်ကြီးတခုလုံးကိုအလျည်ပြတ်စေပြီး လူမှုစီးပွားရေးဒုက္ခများစွာကိုလူထုရင်ဆိုင်ရကြောင်း ISP ထုတ်ပြန်သည့် “ မှန်အိမ် မီးစာမြှင့်ထားတယ်” လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းစစ်တမ်းတွေ့ရှိချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်