ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် နတ်ရေကန်ကို စစ်ကူပို့နိုင်ရန်စစ်ကော်မရှင် ကြိုးစားနေပြီး ပို့လိုက်သည့်စစ်ကြောင်းများ လမ်းတွင်တိုက်ခိုက်ခံရ၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက်နေ့က ဂုတ်ကြီးရွာအနီး လမ်းသစ်ဘက်တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က လေကြောင်းပစ်ကူများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
”မစခ ၉၀၅ထဲမှာ အင်အားစုထားပြီး စစ်ကူပို့နေတာ။ လမ်းဟောင်းဘက်မှာ စစ်ကြောင်းပြုတ်ထားတော့ အခုလမ်းသစ်ဘက်ကနေ ပို့တယ်။ အဲဒီ့ဘက် တိုက်ပွဲဖြစ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ အတွင်းမှ ရိက္ခာနှင့်ခဲယမ်းအပြည့်တင်ထားသည့် စစ်သုံးကားကြီးနှစ်စီး ယဉ်ပေါ်ပါ အစောင့်အရှောက် ၁၀ယောက်စီနှင့်အတူ ဇင်ပြွန်းရွာဘက် ထွက်ခွါသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာစခန်းတွင် ပိတ်မိနေသူများကို စစ်ကူပို့ရန် လမ်းသစ်နှင့် လမ်းဟောင်းမှနေ၍ စစ်ကြောင်းနှစ်ခုခွဲကာ ချီတက်စစ်ကြောင်းထိုးလျက်ရှိသည်။
သို့ရာတွင် စစ်ကြောင်းများမှာ ဂုတ်ကြီးစခန်းကို မကျော်နိုင်ဘဲ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး စစ်ကြောင်းလိုက်ပြုတ်သည့်အခြေအနေကို ရောက်ရှိနေခြင်းဖြစ်သည်။
မြေပြင်ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ခံထားရချိန်တွင် စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာအတွင်းပိတ်မိနေသူများထံလိုအပ်သည့် ခဲယမ်းနှင့် ရိက္ခာကို လေကြောင်းမှ ချပေးခြင်းများပြုလုပ်လာသည်။
လေကြောင်းအကူအညီနှင့်ချပေးသည့် ခဲယမ်းနှင့် ရိက္ခာထုတ်မျမှာ AAတပ်ဖွဲ့များထံရောက်ရှိသွားသည်များရှိသလို ကျန်သည့်အထုတ်များကို ထွက်ကောက်သည့် စစ်ကော်မရှင်တပ်များ AA၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံရသည့်အတွက် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။
နိုဝင်ဘာ ၁၉ရက်နေ့တွင် ပဒါန်းရွာထဲမှ အင်အားအပြည့်ပါ စစ်ယာဉ်တန်း နှစ်စီး ပုသိမ်-မုံရွာလမ်းအတိုင်း ဆူးပတောင်း ဝါးလေးတောင်မှတဆင့် ကန်တုတ်စက်ရုံချင်းဆက်လမ်းအတိုင်းမောင်းနှင်သွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။