သာကေတမှာ စစ်ကောင်စီခန့် ၄/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၉ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ည ၈ နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ပစ်သတ်ခံရသူမှာ သာကေတမြို့နယ် ၄/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်ဆိုသူဖြစ်ပြီး အောင်သစ္စာ ၈ လမ်း၊ ကန်ထောင့်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရန်စောင့်ဆိုင်းနေစဥ် အမည်မသိ သေနတ်သမားများမှ လာရောက်ပစ်ခတ်သဖြင့် နေရာတင်သေဆုံးသွားကြောင်းသိရသည်။

“သေနတ်ပစ်သံတွေကြားရတာ။ နောက်တော့ ၄/တောင် အုပ်ကြီးထွန်းထွန်းဝင်းပစ်သတ်ခံရတာလို့ သိရတာ။ သူက စစ်တပ်သတင်းပေး”ဟု မြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များမှ ပစ်ခတ်မှုဖြစ်ခဲ့သည့် နေရာအနီးတဝိုက်အား ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေသူများ၏ ပြောဆိုမှုများအရ သိရသည်။

အဆိုပါပစ်ခတ်မှုအား တော်လှန်ရေးအင်အားစုများဘက်မှ တစုံတရာထုတ်ပြန်လာသည်ကိုမတွေ့ရှိရသေးပါ။

စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းကလည်း သာကေတမြို့နယ် ၄/မြောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဝင်းဗိုလ် အောင်ဇေယျလမ်းမပေါ်ရှိ ရိုးရိုးလေး လက်ဘက်ရည်ဆိုင်တွင်း လဘက်ရည်သောက်နေစဥ် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

#သာကေတ #၄တောင်ရပ်ကွက် #အုပ်ကြီး #ပစ်သတ်ခံရ #AyeyarwaddyTimes