ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မုံရွာ၊ဇူလှိုင် ၂ ရက်

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေရှိ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီထဲတွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်များက ယနေ့တွင် ကျေးရွာများဘက်သို့ စစ် ကြောင်းထိုးရန် ပြန်ထွက်လာနေကြောင်း ဒေသခံများထံမှသိရသည်။

ဇွန်လလယ်ပိုင်းက တရုတ်ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးကာ အိမ်များကို မီးရှို့ခြင်း၊ ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ပြီး ပြီးခဲ့သည့် ၅ ရက်ကမှ ရပ်နားထားရာကနေ ယနေ့ စတင်စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း လက်ပံတောင်း ဒေသခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

‘‘ဇွန် ၂၁ ရက်နေ့ထဲက စီမံကိန်းနားက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဇွန် ၂၇ ရက်နေ့ညမှ ဖောင်ကတာရွာကို နောက်ဆုံးဝင်ပြီး ရွာသား ၂ ဦးကို လမ်းပြခေါ်သွားကာ ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ သတ်ဖြတ်လိုက်တယ်။ အဲ့ဒီနေ့ည နောက်ဆုံး ကုမ္ပဏီဝန်းထဲမှာ တပ်ပြန်အထိုင်ချတယ်။ ဒီနေ့မနက်ပိုင်းကမှ ကုမ္ပဏီဝန်းထဲကနေ စစ်ကြောင်းတွေ ပြန်ထွက်လာတယ်။ အခု ဝက်မှေးရွာဟောင်းကနေတဆင့် ဝက်မှေးရွာသစ်က ဘုန်းကြီးကျောင်းထဲမှာ စစ်ကြောင်းတပ်အထိုင်ချထားတယ်’’ ဟု သူက ဆိုသည်။

လက်ရှိ ကုမ္ပဏီဝန်းထဲမှ စစ်ကြောင်း ၂ ကြောင်းခွဲထွက်လာနေကြောင်း သိရပြီး ဇွန်လလယ်ပိုင်းက ၎င်းတို့ စစ်ကြောင်းထိုးပြီး ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ ဆည်တဲရွာဟောင်း၊ တုံရွာ၊ ဇီးတောရွာ၊ လယ်တီရွာ၊ ဖောင်ကတာရွာ၊ တောကျောင်းရွာ၊ ဝဲကြီးရွာ၊ ရွာရှည်ရွာ၊ ထန်းတောကြီးရွာတို့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ရွာသား ၆ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး တချို့မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့အချိန်အထိ အလောင်းလဲ ပြန်မရ၊ အသက်အသွယ်လည်း ပြတ်တောက်နေသူများလည်း ရှိနေကြောင်း သိရသည်။

အာဏာသိမ်း စစ်တပ်သည့် တရုတ်အစိုးရ၏ အကျိုးစီးပွားဖြစ်သော လက်ပံတောင်း ကြေးနီစီမံကိန်းကို ကာကွယ်ရန် စီမံကိန်းဖြစ်သော တောင် ၃၃ လုံးပတ်ဝန်းကျင်ရှိ ရွာပေါင်း ၂၆ ရွာရှိသည့်အထဲမှ စီမံကိန်းဝန်းကျင် ၅ မိုင်ပတ်လည်ခန့်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းနေလျှက်ရှိသည်။ လက်ရှိအချိန်အထိ ရွာပေါင်း ၂ဝ ကျော်မှ ဒေသခံ ၂ သောင်းကျော်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။