ဇူလိုင် ၂ ရက်

ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ဥကရစ်ထ စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိသည့်အတွက် KNDO၊ KNU၊ PDF များကို အားမရဖြစ်မိသည်ဆိုပြီး NUG ၏ တံစိတ်ပါ ဇွန်လ ၃ဝ ရက်စွဲဖြင့် စာအတု တစောင်ကို စစ်တပ်လော်ဘီများဘက်မှ လူမှုကွန်ယက်အစုံ(Facebook၊Telegram) များတွင် ဝါဒဖြန့် ဖြန့်ချိနေလျှက်ရှိသည်။

ထိုစာသည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခြင်းမရှိကြောင်း၊ ပြည်သူများအနေဖြင့် ထိုစာတွင်ပါရှိသည့် မိမိတို့တော်လှန်ရေးတပ်သား ရာနှင့်ချီ သေဆုံးသည်ဆိုသည့် အချက်ကို ၎င်းတို့က ထည့်သွင်းထားခြင်းသည် ပြည်သူများနှင့် တော်လှန်ရေးဘက်တော်သားများ စိတ်ဓာတ်စစ်ဆင်ရေးအရ ထိုးနှက်ရန် ပြုလုပ်ခြင်းသာဖြစ်ကြောင်း NUG အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် အတွင်းဝန်တဦးက ဧရာဝတီတိုင်းမ်သို့ အတည်ပြုသည်။

‘‘သူတို့ကတော့ ကျနော်တို့အစိုးရအဖွဲ့ရဲ့ အရင်စာတွေကိုယူပြီး ပြည်သူကို ဝါဒဖြန့်နေတာက ပြည်သူက တကယ်ယုံကြည်တာမဟုတ်ပါဘူး။ ကျနော်တို့အစိုးရအဖွဲ့တွေရဲ့ လူမှု့ကွန်ယက် Facebook Page တွေကနေ တရားဝင် ထုတ်ပြန်ချက်တွေ အချိန်နဲ့တပြေးညီ ပြည်သူက တင်ပြထုတ်ပြန်နေပါတယ်။ အဲ့ဒါမှသာ အတည်လို့ ပြည်သူတွေက ယုံကြည်ပြီးသားပါ’’ ဟု NUG နှင့်နီးစပ်သူတဦးက ဆိုသည်။

KNDO/ PDF ပူးပေါင်းတပ်ဖွဲ့များကို ထိုင်းဘတ်တသန်း ထောက်ပံ့ပေးသည်က မှန်ကန်သော်လည်း ဥကရစ်ထ စခန်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ရာနှင့်ချီ ကျဆုံးခြင်း၊ ဒဏ်ရာရသူ ၂ဝဝ ကျော်ခြင်းမှာ လုံးဝမဟုတ်မှန်ကြောင်း၊ လက်ရှိအချိန်အထိ မိမိတို့ အစိုးရဘက်မှလည်း ကျဆုံးသူတချို့နှင့် ထိခိုက်ဒဏ်ရာရသူ တချို့ကို ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သူက ဆက်ဆိုသည်။