ဗီအာတီ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

စစ်အာဏာသိမ်းပြီးနောက် (၃)လခန့် အကြာမှ စတင်ကာ ချင်းပြည်နယ်၊ မတူပီမြို့မှာ ဖုန်းလိုင်းများ မကြာခဏဖြတ်တောက်ကာ အာဏာသိမ်းစစ်တပ်က ​မြို့ခံပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများမကြာခဏကျူးလွန်နေတယ်လို့ သိရပါတယ်။

မတူပီမြို့ခံ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ မုဒိန်းမှုကျူးလွန်ခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ ဖြတ်သွား၊ ဖြတ်လာပြုသည့် ပြည်သူများအား ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ သေနတ်များရမ်းသမ်းပစ်ခတ်ခြင်းနှင့် ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား မကြာခဏကျူးလွန်နေတယ်လို့ ဒေသခံအချို့ကဆိုပါတယ်။

“ စစ်အာဏာသိမ်းပြီးနောက် မကြာဘူး၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေလည်း မကြာခဏဖြတ်တောက်ခံရတယ်။ကျေးရွာကနေ မတူပီမြို့ကို သွားရောက်နိုင်ဖို့အတွက် စစ်တပ်ဂိတ်တွေ တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ပြီးမှ သွားရတယ်။ အခုလက်ရှိမှာ မတူပီမြို့က သီးခြားကမ္ဘာလိုဖြစ်နေတယ်။ စစ်တပ်က လူ့အခွင့်အရေးတွေ စိတ်ကြိုက်ကျူးလွန်နေတယ်။ စစ်တပ်ရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေကို မြန်မာတစ်နိုင်လုံးနှင့် ကမ္ဘာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေက သိသင့်ပါတယ်လို့ ထင်ပါတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မတူပီမြို့ မြို့ပတ်ပတ်လည်တွင် ကင်းစောင့်ဂိတ်အများအပြားချထားခြင်းကြောင့် နာရေး၊ သာရေးကိစ္စရပ်ဖြင့် မတူပီမြို့သို့ ဝင်ရောက်ခြင်းကို စစ်ကောင်စီတပ်မှ တားမြစ်စစ်ဆေးခြင်းနှင့် ဝင်ရောက်ခွင့်မပြုခြင်းတို့ကြောင့် ဒေသခံပြည်သူများအခက်အခဲမျိုုးစုံရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများကို ဖုံးဖိထားနိုင်ရန်အတွက် သတင်းမီဒီယာနှင့် ပြည်တွင်း၊ ပြည်ပများနှင့် ဆက်သွယ်မှုပျက်တောက်နိုင်ရန် ရည်ရွယ်၍ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းတို့ကို မကြာခဏ ဖြတ်တောက်မှုများလုပ်ဆောင်နေတာလို့ ချင်းတိုင်းရင်းသား သတင်းစာဆရာတစ်ဦးက သုံးသပ်ထားပါတယ်။

မတူပီမြို့နယ်၊ ကီလှုမ်းကျေးရွာတွင် (၂၀၂၁)ခုနှစ်၊ ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ စုစုပေါင်း(၁၂)ဦးကို ရက်စက်စွာသတ်ဖြတ်ခံရမှုကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်ဒေသရှိ ကျေးရွာနေ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ယနေ့တိုင် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှ သိရပါတယ်။