
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်
ဇွန်လအတွင်း ကရင်နီပြည်တွင် တိုက်ပွဲအကြိမ်ရေပေါင်း (၃၀) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ တတိယနှင့် စတုတ္ထအပတ်အတွင်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးလာမှုကြောင့် ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း ခြေကုပ်ယူ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များ၊ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထို့အတူ ဖယ်ခုံမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိပါပြီး မိုးဗြဲမြို့အနီး ဝါရီဆူဖလှိုင်ကျေးရွာတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန်လ (၁၅) ရက်နေ့တွင် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုနှင့် ဒေါညေးခူတို့တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကာင်စီတပ်မှ ဒေါညေးခူ ဘုရားကျောင်းနှင့်ဘုန်းတော်ကြီးနေအိမ်တို့အားမီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၂၅)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကုန်းသာ၊ ပူဖားကျေးရွာနှင့် သေးဆူလဲ ကျေးရွာမျာအတွင်း ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ (၈) နာရီကျော်ကြာတဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ KNDF က ထုတ်ပြန်ပါတယ်။
ဇွန်လ(၃၀)ရက်နေ့၌ လွိုင်ကော်မြိုနယ်၊ လောပိတ အမှတ် (၂) သင်္ဘောပင်စခန်းနှင့်ဓါတ်ဦးပွင့် ဘုရားကျောင်း အကြား ဖြတ်သန်းသွားနေသော စစ်ကောင်စီ ၏ ထောက်ပို့ယာဥ်တစ်စီးအား၊ KNDF မှ တိုက်ခိုက်ခဲ့ရာ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ယာဥ်အတွင်းလိုက်ပါစီးနင်းလာသော စစ်ကောင်စီတပ်၏ တပ်ရေးဗိုလ်ကြီး နှင့် တပ်ကြပ်ကြီး အဆင့်ရှိသူ(၂)ဦး အပါအဝင် စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး KNDF မှ ပစ္စတို သေနတ် တစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့ပါတယ်။
ဇွန်လ (၂၈)ရက်နေ့တွင်လည်း လွိုင်လင်လေး မြို့အနီးတွင်၊ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး(၂၉)ရက်နေ့ တွင် လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်ငယ် (၁၃) လက်သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၂) လုံး နှင့် ဘာသာရေးအဆောက်အဦး (၂) လုံးပျက်စီးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။