
ဖမ်းဆီးခံရတဲ့ PDF တစ်ဦးထံမှ စစ်ဆေးတွေ့ရှိချက်အရ ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့၀င် ၃ ဦး နှင့် ရဲဇနီးတစ်ဦး ဖမ်းဆီးခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့၀င် ၃ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးရဲ့ ဇနီးတို့ကိုစက်တင်ဘာလအတွင်း ဖျာပုံ PDF များနဲ့ဆက်စပ်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေ သိရပါတယ်။
ဖမ်းဆီးခံရသူများမှာ ဖျာပုံမြို့နယ်ရဲစခန်းက ရဲတပ်သား မင်းထက်ပိုင်၊ ရဲတပ်ကြပ် ထွန်းထွန်းနိုင်၊ ရဲတပ်သားထက်လင်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူမကေသီ၀င်းတို့ဖြစ်တယ်လို့ သိရပါတယ်။
” ရန်ကုန်မှာမိတဲ့ ဖျာပုံ က PDF စံလင်းစံဆိုတဲ့သူရဲ့ ထွက်ဆိုချက်အရ မြို့ထဲတွေမှာ PDFတွေကလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး သူတို့ကိုအကုန်အကြောင်းကြားပြီးလုပ်တာ။ သူတို့ရဲတပ်ဖွဲ့၀င်တွေဖြစ်ပြီး သတင်းထိန်ချန်တာရယ် PDFနဲ့ပူးပေါင်းတာရယ်ကြောင့် ဖမ်းထားတာ ပြည်ထဲရေးဌာနကိုဆက်လက်တင်ပြထားတယ်”လို့ ဖျာပုံရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက
ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာဖျာပုံ PDFနဲ့ မအူပင် PDF အဖွဲ့၀င် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူများအနက် ဖျာပုံ PDFအဖွဲ့ဝင် ကိုစံလင်းစံ၏ ထွက်ဆိုချက်နဲ့သူရဲ့ဖုန်း Massangerကတစ်ဆင့် ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ဆက်သွယ်မှုတွေစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့
အသိုင်းအ၀န်းကနေသိရပါတယ်။
လက်ရှိမှာ ၎င်းတို့ ၄ ဦးကို ကျိုက်လတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ကောင်စီက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
#ဖျာပုံ #PDF #ထွက်ဆိုချက် #ရဲတပ်ဖွဲ့ဝင် #အဖမ်းခံရ
#Ayeyarwaddy_Times