
ပုသိမ်မြို့တွင် ညမထွက်ရအမိန့်ကြောင့် ထောင်ကျခံရသူ ၇ ဦးထိရှိလာ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီး ထောင်ချ ခံရသူ ၇ ဦးရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့်ပေးနေတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ပုသိမ်)က သတင်းထုတ်ပြန် ထားပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ စစ်ကောင်စီကထုတ်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ကျူးလွန်မိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံပြည်သူ ၇ ဦးကို ထောင် ၁ လ စီချမှတ်ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ အားလုံး ၇ ဦးဆိုတာက ပိုက်ဆံမပေးနိုင်လို့ ထောင်ချခံရတဲ့သူတွေပါ ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ ပြန်လွတ်ပါတယ် အားလုံးပေါင်းစားနေတာပါ အဲ့စနစ်ကိုကြိုက်လို့လည်း သူတို့ ရုန်းမထွက်တာပေါ့”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ၂ လအတွင်း ညမထွက်ရအမိန့် မလိုက်နာလို့ ဖမ်းဆီးခဲ့သူ ၅၀ ကျော်ရှိပြီး အဲ့အထဲက ၇ ဦးကိုပဲ ထောင်ဒဏ်ကျခံစေခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်ကို နိုဝင်ဘာလအထိ ညမထွက်ရ အမိန့်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သက်တမ်းတိုးမြှင့်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
#ပုသိမ် #ညမထွက်ရအမိန့် #ထောင်ဒဏ်
#Ayeyarwaddy_Times