ကော်ဘရာစစ်ကြောင်း နဲ့ ပြည်သူ့ပန်းတိုင်ကြောင့် ဒုက္ခရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ တပ်မမှူး

ဟိန်းစံ/ဧရာဝတီတိုင်းမ်

(နေပြည်တော်)၊ စက်တင်ဘာလ ၂၇ ရက်

စစ်ကောင်စီတပ်ရဲ့ မွန်ပြည်နယ်၊သထုံမြို့အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်(တမခ ၄၄) တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး တင်မိုးနိုင်ကို စစ်ခေါင်းဆောင်တွေက နေပြည်တော်စစ်ရုံးကိုခေါ်ယူပြီး ထိန်းသိမ်းစစ်ဆေးနေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

နေပြည်တော်စစ်ရုံးက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၄ စစ်ဆင်ရေးအထူးဖွဲ့မှူးရုံး(ကစထ ၄) ရုံးမှာ စက်တင်ဘာလ နောက်ဆုံးအပတ်ကစတင်လို့ စစ်ခုံရုံးနဲ့ထိန်းသိမ်းစစ်ဆေးခံနေရတာလို့ နေပြည်တော်နဲ့ တပ်မ ၄၄ စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က လက်နက်ခဲယမ်းအများအပြားနဲ့ တပ်မ ၄၄ လက်အောက်ခံ မုတ္တမအခြေ စိုက် ခမရ ၁၀၂ တပ်က ဗိုလ်ကြီး ရဲရင့်မောင်ဦးစီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကော်ဘရာစစ်ကြောင်းရဲ့ဖမ်း ဆီးတာခံလိုက်ရတဲ့အပေါ် ကွပ်ကဲမှုညံ့ဖျင်းကာ ပေါ့ဆတယ်ဆိုပြီး စစ်ဆေးခံနေရတာလို့သိရပါတယ်။

တဆက်ထဲမှာဘဲ အဲ့ဒီဖြစ်စဥ်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာဘဲ ပြီးခဲ့တဲ့ဇွန်လအတွင်းက နေပြည်တော်စစ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ပထမ ကြည်းလေးလပတ် အစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့အဖွင့်မိန့်ခွန်းစာများ လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာတဲ့အပေါ်မှာလည်း အခုလိုစစ်ဆေးခံနေရတာလို့သိရပါတယ်။

” မှူးချုပ် တင်မိုးနိုင် စစ်ခုံရုံးဖွဲ့ခံထားရတယ်ဆိုတာ ၊ မှန်ပါတယ်။ သူ့ကွပ်ကဲမှုက အဲ့ဒီ အရာရှိ၊စစ်သည် ၆ ယောက်နဲ့သူတို့မှာပါသွားတဲ့ လက်နက်ခဲယမ်းတွေက တအားများပြားတယ်၊ ကွပ်ကဲမှုညံ့ ပေါ့ဆတယ်ပေါ့ ၊အဲ့တာကတမှု၊ နောက် သူ့ကွပ်ကဲမှုအောက်တပ်ကဘဲ အဲ့ဒီတပ်ချုပ်ပြောထားတဲ့ ထိပ်တန်းလျှို့ဝှက် အဖွင့်မိန့်ခွန်းကြီး အပြင်ကိုပေါက်တာကတမှု၊

လတ်တလောနေပြည်တော်မှာဘဲစစ်နေတုန်း” လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

တပ်မ ၄၄ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွား ခဲ့တဲ့ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတိုက်ပွဲတွေအတွင်း ဝင်ရောက်နေတဲ့ တိုက်ခိုက်ရေးတပ်မတခုဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ဝေါလေ-မြဝတီလမ်းပိုင်းကရင့်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာလည်း တပ်မ ၄၄ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ထိခိုက်ကျဆုံးမှုများပြားနေတာပါ။

တပ်မ ၄၄ ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကွပ်ကဲမှုအောက် ခြေမြန်တပ်မဌာနချုပ်ဖြစ်လို့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်(ရတခ)နဲ့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) ကိုကွပ်ကဲနေတဲ့ ကစထ( ၄ )က အခုလိုစစ်ခုံရုံးနဲ့စစ်ဆေးနေတာလို့သိရပါတယ်။

မင်းအောင်လှိုင်ရဲ့ ကြည်းလေးလပတ်အဖွင့်မိန့်ခွန်းမှာ ပြောဆိုထားတာတွေကို တပ်မ ၄၄ က ၄င်းတို့ကွပ်ကဲမှုအောက်တပ်ရင်းတွေကို ပြန်လည်ထပ်ဆင့်ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီမင်းအောင်လှိုင် ပြောဆိုမှုရုံးစာတွေဟာ တပ်မ ၄၄ လက်အောက်ခံ ကျိုက်ထိုအခြေစိုက် ခမရ ၂ တပ်ရင်းလက်ခံရရှိထားတဲ့ရုံးစာဖြစ်ပြီး ခမရ ၂ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကတဆင့် CDM

တပ်မတော်သားတွေကိုကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့လူမှုကွန်ယက်ကနေစတင် ပြန့်နှံ့လာတာလို့သိရပါတယ်။

” တပ်မမှူးက ခုက ဗိုလ်မှူးချုပ်(officiating)စားနေတာ အပွင့်တော့မတင်သေးဘူး၊ အစမ်းခန့်ကာလပေါ့ ။ သူက ရခိုင်ဘက်နေ ၄၄ ကိုပြောင်းလာတာ။ သိပ်တော့မကြာသေးဘူး၊ ဒီ လေးကေ့ကော်ဂွင်ကိုမဝင်ခင်လောက်ကမှ။ အဲ့တာတွေထဖြစ်လို့ ခုအစစ်ခံနေရတာပေါ့။ ရှေ့ကဖြစ်ခဲ့တဲ့ လူ၊လက်နက်၊ခဲယမ်းဆုံးရှုံးတာတွေလည်းပါတာပေါ့။ အဲ့ဒီ မအလရဲ့

ထိပ်တန်းလျှို့ဝှက်ကြီးစပြန့်တော့သူတော်တော်တင်းနေတယ်လို့သိရတယ် ။ အဲ့ဒီစာက ကျိုက်ထို မ ၂ ကစာလို့သိရတယ်။ ပြည်သူ့ပန်းတိုင်ကိုဘယ်လိုရောက်သွားလဲတော့မသိဘူး၊ မီဒီယာတွေကနေတအားဖော်ပြကြတာ ” လို့ တပ်မ ၄၄ ရဲ့ စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဗိုလ်ကြီး ရဲရင့်မောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်မ ၄၄ တပ်မမှူးရဲ့ညွှန်ကြားချက်နဲ့ ရှေ့တန်းအခြေ စိုက်စစ်စခန်းတခုကို လက်နက်ခဲယမ်းတွေ သွားရောက်ပို့ဆောင်တာမှာ ကော်ဘရာစစ်ကြောင်းရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်ကြီးရဲရင့်မောင် ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဟာ ဘုန်းကြီးစီးနင်းတဲ့ကားကိုအသုံးပြုပြီး ကားပေါ်မှာ ဗုံးသီးတွေတင်ထားတဲ့ထင်းရှူးသေတ္တာတွေတင်ဆောင်လာပြီး ကော်ဘရာစခန်းကိုရောက်ရှိလာလို့ သေနတ်တချက်မှမဖောက်ရဘဲ ဖမ်းဆီးနိုင်ခဲ့တာလို့ အဲ့ဒီနေ့အခြေ အနေကို ကော်ဘရာစစ်ကြောင်းတာဝန်ခံကအခုလိုပြောပါတယ်။

” အဲ့ကောင်တွေမှာ ကားပါတယ်၊ ကားက ၆ ဘီးကား၊ ကားက ဘုန်းကြီးကား နံပါတ်ပြားအဝါနဲ့ ဒီကောင်တွေက အဲ့ဒီကားနဲ့လာတာ၊ အဲ့ဒီကားကလည်းဒီကောင်တွေသုံးနေကျဘဲ။ လာပို့တယ်လို့ဘဲပြောရမှာပေါ့။ ကားရော၊ လူရော၊ လက်နက်ရော၊ သယ်လာတဲ့ဗုံးသီးတွေရောပေါ့။ အသာလေးမိတာ” လို့ ကော်ဘရာစစ်ကြောင်းတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်အကြီးတန်းစစ်အရာရှိတွေရဲ့ တာဝန်တိုးယူထမ်းဆောင်ခြင်း(Officiating) ကာလဆိုတာဟာ တဆင့်မြင့်လစာခံစားနေတဲ့ အရေးကြီးကာလဖြစ်ပြီး အဲ့ဒီကာ လမှာ အမှုအခင်းတစုံတရာဖြစ်ပေါ်လာရင် တဆင့်တိုးရာထူးမရတော့ဘဲ လက်ရှိအဆင့်မှာ လမ်းဆုံးသွားတယ်လို့ CDM တပ်မတော်သားအရာရှိတဦးကပြောပါတယ်။

” Officiating ကာလဆိုတာ မှူးချုပ်လစာစားနေတယ်အပွင့်မတင်သေးဘူးပေါ့။မတင်ရသေးပေမယ့် ဗိုလ်ချုပ်လို့ဘဲခေါ်ရတာပေါ့။ တပ်မမှူးlevelက ကစထမှူးက ခုံရုံးဥက္ကဌ။ အဲ့ကာလက သူတို့အတွက်က ရိုင်းရိုင်းပြောရရင် နွားအမြီးလှန်ချိုးထားသလိုဘဲ၊ကြောက်ရတာ။ တအားဂရုစိုက်ရတာ အထက်လည်းကြောက်ရ၊အောက်လည်းကြောက်ရပေါ့။ ဒေါ်စိန်အေး

(DSA) ဆင်းတွေရဲ့ဝါဒကလည်း ဗိုလ်ချုပ်အဆင့်ဖြစ်ရမယ်ဆိုတာရှိတယ်။ သူတို့အိမ်မက်ပေါ့နော်၊ ခုကကာနယ် (ဗိုလ်မှူးကြီး) ကနေ ဗိုလ်မှူးချုပ်ကိုတိုးမှာဆို​တော့ပိုဆိုးတာပေါ့။ ဗိုလ်မှူးချုပ်ကလည်း အခေါ်အဝေါ်အရ ဗိုလ်ချုပ်ဘဲလေ။ ဒီကာလ က ဒီလိုခုံရုံးအဆင့်မပြောနဲ့ သေးသေးဖွဲဖွဲဆိုရင်ကိုလစ်တာ။ ခုံရုံးဆိုရင်တော့ ပြီးပြီး လမ်းဆုံးသွားပြီ။

ထပ်တက်စရာမရှိတော့ဘူး” လို့ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး တင်မိုးနိုင်ဟာ တပ်မမှူး အဆင့်ကနေ ဗိုလ်ချုပ်၊ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ တိုင်းမှူး၊ကစထမှူး၊စစ်ဦးစီးချုပ်အဆင့်တွေအထိ ဖြစ် မြောက်လာနိုင်ပေမယ့် လက်ရှိ ကော်ဘရာစစ်ကြောင်းကဗိုလ်ကြီး ရဲရင့်မောင်အုပ်စုကို ဖမ်းဆီးထားတဲ့အမှုနဲ့ မင်းအောင်လှိုင် မိန့်ခွန်းကို ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြခဲ့တဲ့အမှုတွေကြောင့် လက်ရှိမှာ

ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပြီး လက်ရှိအဆင်နဲ့လမ်းဆုံးမယ့်အခြေအနေကိုရင်ဆိုင်နေရတာပါ။

#တပ်မ ၄၄ #တပ်မမှူး #ဗိုလ်မှူးချုပ် #တင်မိုးနိုင် #စစ်ဆေးခံနေရ #နေပြည်တော် #AyeyarwaddyTimes