မတူပီမြို့ ခရိုင်/အိုးအိမ်တိုက်ပွဲတွင် CDF-Matupi တပ်ရင်း(၂)မှ ရဲဘော်တစ်ဦးကျဆုံး၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိ

ဧရာဝတီတိုင်းမ်

(မတူပီ)၊ စက်တင်ဘာလ ၂၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ CDF-Matupi တပ်ရင်း(၂)နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သော ခရိုင်/အိုးအိမ်တိုက်ပွဲတွင် CDF-Matupi၊ တပ်ရင်း-၂ မှ ရဲဘော် ၁ ဦးကျဆုံးကာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi၊ တပ်ရင်း-၂ ရဲဘော် တစ်ဦးထံမှ သိရသည်။

CDF-Matupi တပ်ရင်း(၂) nmထိန်းချုပ်ထားသော နယ်မြေဘက်သို့ စစ်ကောင်စီဘက်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ၃ ရက်ကြာ တိုက်ပွဲပြင်းထန်နေပြီး CDF-Matupi တပ်ရင်း(၂)ဘက်မှ ရဲဘော် ၁ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi၊ တပ်ရင်း(၂) ထံမှ သိရသည်။

“ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့၊ နံနက် ၇ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ CDF-Matupi၊ တပ်ရင်း(၂) နှင့် စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ခရိုင်/အိုးအိမ်တိုက်ပွဲမှာ CDF-Matupi တပ်ရင်း(၂) ရဲဘော် ၁ ဦးတိုင်းပြည်နှင့် လူမျိုးအတွက် ပေးလှူသွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်။

စစ်ကောင်စီတပ်ဘက် တပ်ရင်း-၂ ဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဆက်လက်ပြင်းထန်လာဖွယ်ရှိပါတယ်”ဟု CDF-Matupi တပ်ရင်း(၂)တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

CDF-Matupi တပ်ရင်း(၂) နှင့် သုံးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က စုစုပေါင်း ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး မတူပီမြို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်ရင်းများမှ တပ်ရင်း-၂ နယ်မြေဘက်သို့ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။