
PDF ကို မသိရှိဘူးလိုဖြေမိတဲ့ ကိုရင်လေးဦးခေါင်းကို စစ်ကောင်စီတပ်က စစ်ဖိနပ်နဲ့ဝိုင်းကန်သွားပြီး ကျောင်းအတွင်းက ဆိုင်ကယ်တွေမီးရှို့သွား
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆင်မင်းကျေးရွာ ဘုန်းကြီး ကျောင်းမှ ကိုရင်လေး ၁ ပါးရဲ့ဦးခေါင်းကို ယနေ့ စက် တင်ဘာလ ၂၇ ရက်နေ့လည်ပိုင်းက စစ်ဖိနပ်နဲ့ဝိုင်းကန်သွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM ထံကသိရသည်.
ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် ဆင်မင်းရွာဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ဝင်ရောက် လာပြီး PDF များ၏သတင်းများနှင့် ရှိ၊မရှိမေးမြန်းရာ အဆိုပါကိုရင်လေးမှ PDF ကိုမသိရှိကြောင်းပြောဆိုသဖြင့် ဦးခေါင်းကို စစ်ဖိနပ်ဖြင့် ဝိုင်းကန်သွားသည်ဟုဆို သည်။
“ကိုရင်လေးက မသိဘူးပြောလို့ ကိုရင်ရဲ့ခေါင်းကို ခြေထောက်တွေနဲ့ ကန်ပြီး ထိုးနှက်ရိုက်နှက်သွားတာ။ ကျွန်တော်ရောက်တဲ့ အချိန်ထိ နာတဲ့အရှိန်ကြောင့် အငိုတောင်မရပ်သေးဘူး”ဟု မြောင် CDSOMတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင်စစ်ကောင်စီတပ်မှဘုန်းကြီးကျောင်းဝန်းအတွင်း ရှိ ဆိုင်ကယ် ၄ စီးကို မီးရှိူ့ခဲ့ပြီး ဆင်မင်းကျေးရွာရှိ အိမ်တစ်အိမ်သို့ ဝင်ရောက်ကာငွေကျပ်သိန်း ၁၀၀ ခန့်နှင့် ဖုန်း ၄ လုံးကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။
ယနေ့တွင် မြောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း ရွာများအတွင်းစစ်ကြောင်းထိုးနေကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#မြောင် #ကိုရင်လေး #ဦးခေါင်း #စစ်ဖိနပ်နဲ့ကန်ခံရ #AyeyarwaddyTimes