
စစ်ကောင်စီတပ်သားများ သေကြေဒဏ်ရာရမှုကို ကြေး နန်းစာမှာ ထည့်မရေးဖို့ စစ်ကိုင်း စစ်ကောင်စီ နယ်လုံဝန်ကြီး ညွှန်ကြား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများ၊ ထူးခြားဖြစ်စဉ်များတွင် စစ်ကောင်စီတပ်သားများ၏ ထိခိုက်၊ သေကြေဒဏ်ရာရရှိမှုအချက် အလက်များကို အစီရင်ခံစာနှင့် ကြေးနန်းစာများ၌ ထည့်သွင်းရေးသားဖော်ပြခြင်းမပြုရန် နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကို စစ်ကိုင်းတိုင်းစစ်ကောင်စီက
ညွှန်ကြားထားကြောင်း သိရသည်။
နာဂဒေသမှ အုပ်ချုပ်ရေးဌာနများက အထက်ဌာနများသို့ အစီရင်ခံစာနှင့် ကြေးနန်းစာများ တင်ပြရာတွင်
စစ်ကောင်စီတပ်၏သေကြဒဏ်ရာရမှုများ ထည့်သွင်းဖော်ပြနေကြောင်း တွေ့ရှိရသဖြင့် ထိုသို့ဖော်ပြခြင်း မပြုရန်စစ်ကောင်စီလက်အောက်ရှိ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင် ခရိုင်ဥက္ကဋ္ဌအားလုံးကို စက်တင်ဘာ ၂၆ ရက်နေ့က ညွှန်ကြားခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ် ၃ ခုပါဝင်ပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လဟယ်မြို့တွင် တည်ရှိသည်။
စစ်ကိုင်းတိုင်း၏အောက်ပိုင်းနှင့် အထက်ပိုင်းရှိ မြို့နယ်အများအပြားတွင် နယ်မြေအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက စစ်ကောင်စီတပ်များကို ကုန်းကြောင်းနှင့် ရေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်များ နေ့စဉ် သေကြေ၊ ဒဏ်ရာရမှုများ ဖြစ်ပွားနေကြောင်း မြေပြင်သတင်းများအရ သိရသည်။
#စစ်ကိုင်းတိုင်း #နာဂ #လဟယ် #Ayeyarwaddy_Times