ရေးမြို့နယ်မှာ စစ်ကောင်စီကိုနောက်ကွယ်ကနေ သတင်း‌ ပေး‌နေတဲ့ဒလန် ၁ ဦး ရှင်းလင်းခံရ၊ “စ”သုံးလုံး ရုံးလည်း ဗုံးခွဲခံရ

ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာလ ၂၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီကိုနောက် ကွယ်မှ သတင်းပေးပို့နေသော ဒလန်တဦးကို စက်တင် ဘာ ၂၆ ရက် ယမန်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း YGF ရေး ပြောက်ကျားအဖွဲ့ကသတင်းထုန်ပြန်သည်။

ရှင်းလင်းခံရသူမှာ ကွမ်းသီးရောင်းပြီး နောက်ကွယ်မှသတင်းပေးနေသည့် ကျော်နိုင်ဦး ဆိုသူဖြစ်ပြီး ၄င်း၏ လုပ်ရပ်များအား ဖရဲသီး၏သတင်းပေးပို့မှုမှတဆင့်သိရှိရကာ ကျောက်မိချောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံရှိ ၄င်း၏ကွမ်းသီးအရောင်းဒိုင်မှာ သေနတ် ၅ ချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းပေးကျော်နိုင်ဦးသည် ဇူလိုင်လအတွင်းက ရေးဘီလူးအဖွဲ့မှပစ်ခတ်ရှင်းလင်းခဲ့သည့် ကျောက်မိချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တစ်ဖွဲ့တည်းဖြစ်ပြီး ဒေသခံများအား အာဏာပြခြိမ်းခြောက်လေ့ရှိကြောင်းလည်း YGFထံမှ သိရသည်။

“သူတို့ကကွမ်းသီးအဝယ်ဒိုင်ဖွင့်ထားပြီး အဲ့ကနေသတင်းစုပြီး စစ်ကောင်စီကိုပေးနေတာ။ ကျွန်တော်တို့သွားဝော့ သူ့မိန်းမပါရှိနေတော့သူ့ကိုဖယ်ပြီး ကျော်နိုင်ဦးကိုဘဲပစ်ခဲ့တာ၊ အပြစ်ရှိတဲ့သူကိုဘဲရှင်းတာပါ၊ သူကအရင်ထဲကဒလန်၊ ဒါပေမဲ့ကြာလာတော့ပြည်သူတွေကသွေးအေးပြီး ပုံမှန်ဖြစ်လာတော့ သတိမထားမိကြတော့တာ။

ဖရဲသီးကတိတိကျကျကိုသတင်းပေးလာတော့ ခုလိုရှင်းလင်းခဲ့တာ” ဟု YGFတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ ယမန်နေ့ မနက် ၉ နာရီဝန်းကျင်က ရေးမြို့အတွင်း ရန်ကြီးအောင်ရပ်ကွက် စကားတောင်ဘုရားအနီးရှိ (စစစ)ရုံးအား မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း Mon State Revolutionary Organization မှ ထုတ်ပြန်ထား သည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက် ခံ စသုံးလုံးရုံးအဆောက်အဦထိခိုက်ပျက်ဆီးခဲ့ကြောင်း MSRO ကဆိုသည်။

“စသုံးလုံးရုံးကတော့ ပြိုသွားတယ်ပြောတယ်၊ ကျွန်တော်တို့ကတစ်နေ့ထဲမှာ ၂ နေရာတိုက်ခိုက်တာပါ၊ (စစစ)ရုံးနဲ့စည်ပင်ရုံးပါ၊ စည်ပင်ရုံးကို ၄၀မမနဲ့ပစ်တာ မကွဲသွားဘူး”ဟု MSROအဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စက်တင်ဘာလ ၂၃ ရက်ကလည်း YGFအဖွဲ့မှ ပျူ‌စောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၃ လက်နှင့်ကျည်အများအပြား ရရှိခဲ့ကြောင်းသိရသည်။

#ရေး #တပ်သတင်းပေး #ရှင်းလင်းခံရ #စသုံးလုံးရုံး #ဗုံးကွဲ #AyeyarwaddyTimes