
မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းတိုက်ခိုက်မှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရှုတ်ချ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားမှုမရှိတာကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက် လာပြီး ပြည်သူတွေ အိုးအိမ်စွန့်ခွာရမှုတွေ ဖြစ်လာနေစဉ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတစ် ကျောင်းကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရှုတ်ချလိုက်ပါတယ်။
ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူအများအပြား သေဆုံးပြီး နေရပ်စွန့်ခွာမှုတွေဖြစ်စေတဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က ပြောပါတယ်။
“ဒီအပတ်မှာ ဗုံးကြဲခံရတဲ့ စာသင်ကျောင်းက ကလေးငယ်တွေရဲ့ငိုညည်းသံကို ကြားရပါတယ်။ ဒီလို ကြောက်မတ်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်စေရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာမှာ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲ တိုက်ခိုက်ရာ ကလေးငယ် ၁၁ ဉီး သေဆုံးခဲ့လို့ ပဋိပက္ခဖြစ်ပွားချိန်မှာ ကလေးငယ်တွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ နိုင်ငံတကာဉပဒေကို ချိုးဖောက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီက တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချနေချိန် ပုပ်ရဟန်းမင်းကြီးက အခုလို
ပြောကြားခဲ့တာပါ။
ဒါဇင်နဲ့ချီတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် ဝတ်ပြုဆု တောင်းရာနေရာတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေးစားသမှုရှိဖို့ မြန်မာနိုင်ငံရှိ ကက်သလစ်ဘုန်း တော်ကြီးတွေက ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိဖူးပြီး မြန်မာ ပြည်သူတွေကို ချစ်မြတ်နိုးတာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။
အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့် မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီးက ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – UCA News
Ref; Pope Francis decries Myanmar school attack