
မော်ကျွန်းမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ဆေးထိုးဖို့ လမ်းစရိတ်တောင်းယူနေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မော်ကျွန်း)၊ စက်တင်ဘာလ ၂၆ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျန်းမာရေး ဌာနနဲ့ပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့အခါ လမ်းစရိတ်တောင်းယူတာတွေပြုလုပ်နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တကျော့ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းများလာချိန်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျန်းမာရေးဌာနကသူတွေနဲ့ပေါင်းပြီး ဆေးထိုးပေးတဲ့အခါ ၁ ဦးကို ငွေ ၃ ထောင်ကျပ်စီကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ တောင်သလဲကျေးရွာ၊ လမုတပင်ကျေးရွာ၊ မပ်ချောင်းကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေက တောင်းတာ ခရီးစရိတ်ဆိုပြီး ၁ ယောက်ကို ၃ ထောင်တောင်းတယ် စီးပွားဖြစ်တာပေါ့”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်သားတွေက မြို့ထဲသွားလာတဲ့အခါမှာလည်း နှာခေါင်းစည်းမပါရင် ဒဏ်ရိုက်တာတွေ ပြုလုပ်နေသလို ခရီးသွားလာတဲ့အခါမှာလည်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်မပါရင် ဒဏ်ရိုက် တာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စက်တင်ဘာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်ထိတွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Ayeyarwaddy_Times