ဒလမှာ မဘသနဲ့တပ်ထောက်ခံပွဲတွေ နေ့စားလိုက်နေတဲ့ တပ်သတင်းပေးဟုဆိုသူ လူမိုက် ၂ ဦးသေနတ်နဲ့ ပစ်ခတ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးစိုးရိမ်ရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၆ ရက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စစ်တပ်သတင်းပေးဒလန်ဟုဆိုသူ လူမိုက် ၂ ဦးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံကသိရသည်။

ပစ်ခတ်ခံရသူများမှာ စစ်တပ်၊မဘသထောက်ခံပွဲများတွင် နေ့စားခယူလိုက်ပါနေပြီး သတင်းပေးလူမိုက်ဟု နာမည်ကြီးနေသည့် ဝဏ္ဏထွန်းနှင့်အောင်အောင်ဆိုသူ ၂ ဦးဖြစ်ပြီး ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ဒလ- တွံတေးလမ်းနှင့်မြဝတီမင်းကြီးလမ်းထောင့်တွင် စကား ပြောနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

“သူတို့တွေက အလုပ်ကြမ်းဗန်းပြလုပ်ကြတာ။ တစ်ယောက်က ကျပမ်းလုပ်သား၊ တစ်ယောက်က ကုန်ထမ်းအလုပ်သမား။ တပ်ထောက်ခံပွဲ၊မဘသပွဲဘယ်နေရာလုပ်လုပ်သူတို့လိုက်တယ်၊ လူမိုက်တွေလည်း လူမိုက်တွေ။ စစ်တပ်နဲ့ပေါင်းပြီး ငွေညှစ်တဲ့ကိစ္စတွေမှာလည်းသူတိူ့ပါတယ်။ ဒီဒလမှာက ဒလန်များတယ်၊လူမိုက်လည်းပေါတယ်။ လူကြီးနဲ့ပေါင်းပြီး

လုပ်စားတာတွေလည်းရှိတယ်။ ခုသေတာကလည်း ဒလန်လုပ်လို့သေတာ” ဟု ဒေသခံအမျိူးသားတဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဝဏ္ဏထွန်းမှာလည်ပင်းကျည်ဖောက် ဝင်ပြီး နေရာတွင် သေဆုံးခဲ့ကာ အောင်အောင်မှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။

ပြီးခဲ့သည့်သြဂုတ်လကလည်း ဒလ မြို့နယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေစီးနင်းလာသည့်ကားပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

#AyeyarwaddyTimes