
ရေကြည်မြို့နယ်တွင် အနက်ရောင်ဝတ်လူငယ်များကို စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ
ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ စက်တင်ဘာလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ တတိယပတ်ကစတင်ပြီး အပေါ်အောက် အနက်ရောင်ဝတ်သူတွေကို ရှာဖွေဖမ်းဆီးတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ခုလိုမျိုး အနက်ရောင်ဝတ်လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက ပစ်မှတ်ထားရှာဖွေဖမ်းဆီးလာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ အနက်ရောင်ဝတ်ထားလို့ မသင်္ကာရင် ဖမ်းတာ အဓိကထားစစ်ဆေရမယ်ပြေထားတယ် အုပ်ကြီးကို သေနတ်နဲ့ပစ်သွားတဲ့ သူတွေက အနက်ရောင်ဝတ်ထားတယ်ကြားလို့ ဖမ်းဖို့ပြောနေတာ ကြားတယ်”လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အနက်ရောင်ဝတ်ထားတဲ့ လူငယ်တွေ တွေ့ရင် ဖမ်းဆီးစစ်ဆေးဖို့ကို ရေကြည်မြို့ကို တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတွေအချင်းချင်းပြောနေတာမျိုး ကြားခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီခန့် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူးဟာ ရေကြည်မြို့ကို အစည်းဝေးသွားတက်ရင် စစ်အာဏာရှင် ကိုတော်လှန်တိုက်ခိုက်နေတဲ့ ရိုးမတိုက်ဂါးအဖွဲ့ရဲ့ပစ်ခတ်ရှင်းလင်းတာခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သား တွေက ဒေသခံပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#Ayeyarwaddy_Times