
ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနားသို့ စစ်ကောင်စီခန့် သံအမတ်ကို မဖိတ်ကြားဖို့ မြန်မာသံတမန်ဟောင်း တိုက်တွန်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနားသို့ မြန်မာသံရုံးကို မဖိတ်ကြားဖို့ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ မြန်မာသံတမန်ဟောင်း ဉီးအောင်စိုးမိုးက ဂျပန်နိုင်ငံကို တိုက်တွန်း လိုက်ပါတယ်။
မြန်မာသံအမတ်ကို ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနားသို့ ဖိတ်ကြားခြင်းက အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်ပြုရာရောက်မယ်လို့ ဉီးအောင်စိုးမိုးက ပြောကြားတယ်လို့ ဂျပန်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
“နိုင်ငံတကာ အခမ်းအနားတစ်ခုဖြစ်တဲ့ ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းနားသို့ မြန်မာစစ်တပ်ကို ကိုယ် စားပြုတဲ့ ဘယ်သူ့ကိုမှ မဖိတ်ကြားဖို့ ဂျပန်နိုင်ငံနေ မြန်မာပြည်သူတွေက နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆို ခဲ့ပါတယ်” လို့ အသက် ၅၃ နှစ်အရွယ် သူက ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးတွေ အလိုရှိတာက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင် အ သိအမှတ်ပြုတာဖြစ်ပြီး အာဏာသိမ်းတာ အငြင်းပွားစရာ ကိစ္စတစ်ခုမဟုတ်ပါဘူးလို့ သူက ပြောပါတယ်။
ဗြိတိန်အစိုးရကလည်း စစ်ကောင်စီကို အဲလိဇဘတ်ဘုရင်မကြီးရဲ့ ဈာပနအခမ်းနားသို့ တက်ရောက်ခွင့် မပြုတာကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဉီးဆောင်တဲ့ စစ်ကောင်စီအပေါ် ရှင်းလင်းပြတ်သား တဲ့ ရပ်တည်ချက်ထားရှိဖို့ ဂျပန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတယ်လို့ ဉီးအောင်စိုးမိုးက ပြော ပါတယ်။
“ဂျပန်နိုင်ငံက မင်းအောင်လှိုင်ကို မဖိတ်ကြားပေမယ့် ဂျပန်အစိုးရက စစ်ကောင်စီခန့် သံအမတ်ကို ရှင်ဇို အာဘေးရဲ့ ဈာပနအခမ်းနားသို့ တက်ရောက်ခွင့်ပြုမယ်ဆိုရင် ဘာမှထူးမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ဉီးအောင်စိုးမိုးဟာ တိုကျိုမြို့တော်ရှိ မြန်မာသံရုံးမှ ပထမအတွင်းဝန်ဖြစ်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင် တဲ့ CDM မှာ ပါဝင်မှုကြောင့် ရာထူးမှထုတ်ပယ်ခံထားရကာ လက်ရှိမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး အတွက် ဂျပန်နိုင်ငံမှာ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။
ကိုးကား – The Japan Times
Ref; Myanmar’s ex-diplomat urges Japan to restrict junta’s envoy from Abe’s funeral