သာယာဝတီမှာ ပစ်ခံရပြီး မသေတဲ့ အုပ်ကြီးတွေကိုစစ်ကောင်စီကသေနတ်ပေးထား၊သေနတ်ရပြီးတဲ့နောက်ပိုဆိုးလာ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၄ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်အတွင်းက ပစ်ခတ်ခံရပြီး မသေဘဲ ဒဏ်ရာမှ ပြန်လည်ကောင်း မွန်လာသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက သေနတ်ထုတ်ပေးထားကြောင်း ဒေသခံများကပြောသည်။

ယင်းကဲ့သို့သေနတ်များရရှိထားပြီးနောက် ဒေသခံများအပေါ်ခြိမ်းခြောက်ဖိနှိပ်မှုများယခင်ထက်ပိုမို ဆိုးဝါးလာပြီး ဒေသခံများကို စွပ်စွဲဖမ်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းပိုမိုလုပ်ဆောင်လာကြောင်းသိရသည်။

” အဓိက က ဟိုတလောက အရှင်းခံရပြီး မသေဘဲ ပြန်ကောင်းလာတဲ့ စည်ပင်ရွာအုပ်ကြီး ဝင်းဇော်နဲ့ အပေါင်းအပါတွေ၊ရာအိမ်မှူး အောင်ဖဲနဲ့သူ့သားတွေက ပြန်ကောင်းလာပြီးတော့ စကစ က သေနတ်ပေးထားတယ်။ သူတို့ကသေနတ်ရပြီး ပိုဆိုးလာတာ၊ ဆက်ကြေးကောက်တယ်၊ လမ်းသွားလမ်းလာလဲဖုန်းတွေစစ်တယ်။အရင်က သူတို့တွေပစ်ခံရတော့စစ်တပ်က

လာစောင့်ပေးသေးတယ်ရွာနားမှာ၊ ခုတော့နေ့ပိုင်းကင်းလှည့်တာလောက်တော့လုပ်နေသေးတယ်။ သူတို့ပစ်ခံရတာမှာမသင်္ကာတဲ့သူအကုန်ကိုလဲ လိုက်ဖမ်းနေတယ်” ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သာယာဝတီမြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများအပြားမှာ မကြာခဏ ပစ်ဘခတ်ခံနေရသဖြင့် ပစ်ခတ်ခံရဖူးသည့် အုပ်ကြီးများအပါအဝင် အခြားအုပ်ကြီးအများအပြားမှာလည်း လက်နက်ကိုယ်စီကိုင်ဆောင်ထားကြကာ လက်နက်များကိုင်ဆောင်ပြီးနောက် ဖိနှိပ်မှုများပိုမိုလုပ် ဆောင်လာကြောင်း ၄င်းကဆက် လက်ပြောသည်။

သေနတ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာသည့် အုပ်ချုပ်ရေးမှူးများမှာ လက်ရှိတွင်လည်း ၎င်းတို့ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ဘုန်းကြီးဝတ်နေသူအပါအဝင် မရမ်းအင်းရွာသား ၃ ဦး၊ဂဠုံလိုက်ရွာသား ၁ ဦးနှင့်ကျေးလူးရွာသား ၁ ဦးအား အဆိုပါ အုပ်ကြီးနှင့်ရာအိမ်မှူးများက စွပ်စွဲ ဖမ်းဆီးထားကြောင်းသိရသည်။

ဓာတ်ပုံ – စည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဇော်ပုံ

#Ayeyarwaddy_Times