လောင်းလုံးမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ရဲ့တပည့်ဆိုသူ အမျိုးသားတစ်ဦးပစ်သတ်ခံရ

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊စက်တင်ဘာလ ၂၅ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကျောက်နီမော် ကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပျူစောထီးခေါင်းဆောင်၏ တပည့်ဖြစ်သူအမျိုးသား ၁ ဦးသေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူဟာ အောက်ကျောက်ဝပ်ရွာနေ ဦးမြင့်စိန် (ခ) ဖိုးကြက်ဥ ဆိုသူဖြစ်ပြီး ဇင်းကျွန်းသား (ဘုန်းကြီးကျောင်း) အလှူခံမဏ္ဍပ်အနီးမှာ ပစ်သတ်ခဲ့ပြီး အလောင်းကို အဲ့ဒီမဏ္ဍပ်ပေါ်မှာ တင်ထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” ဦးမြင့်စိန်ကိုအရင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေသတိပေးတာကိုခံခဲ့ရဖူးတယ်လို့လည်းသိရတယ်။ ဆက်လုပ်နေလို့ အခုလို ပစ်သတ်ခံရတာဖြစ်မယ်” လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ဦးမြင့်စိန်ဟာ လောင်းလုံမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်ရဲ့တပည့်ဖြစ်ပြီး စစ်ကောင် စီနဲ့ပျူစောထီးအဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်ပေးနေသူဖြစ်တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဦးမြင့်စိန်ကို အောက်ကျောက်ဝပ်နဲ့ ကျောက်မတ်တပ်ရွာကြားလမ်းပိုင်းတစ်နေရာမှာရှင်းလင်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာများတွင် ပျူစောထီး အဖွဲ့ဝင်များနှင့် စစ်ကောင်စီသတင်းပေးများကို လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏဆိုသလို သုတ်သင်ရှင်းလင်းနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-သေဆုံးသူ ဦးမြင့်စိန်(ခ)ဖိုးကြက်ဥ

#AyeyarwaddyTimes