ဒီးမော့ဆိုအရှေ့ခြမ်းရှိ မြေပဲစိုက်ခင်းအတွင်း စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပြီး တောင်သူအမျိုးသမီး ထိမှန်သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ မြေပဲစိုက်ခင်းတစ်ခုအတွင်း ယမန်​နေ့ စက်တင်ဘာ၂၃ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပြီး တောင်သူအမျိုးသမီး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ အိမ်ဘေးရှိ မြေပဲစိုက်ခင်းတွင် ရှိနေစဥ် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ သေဆုံးသွား​ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
” ဖြစ်တာက ၃ နာရီလောက်ကပါ။ သူက အိမ်ဘေးနားက မြေပဲခင်းထဲ ရှိနေတဲ့အချိန် လက်နက်ကြီးက အဲ့ဒီနားကျတာ။ အနားမှာ တခြား ဘယ်သူမှ မရှိဘူး။ သူတယောက်ပဲ ထိသွားတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာ ၂၁ ရက်ကလည်း ဖယ်ခုံ၊ ဆောင်ကမ်းရွာထဲကို စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်တာကြောင့် လယ်ကွင်းထဲက လယ်သမားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖယ်ခုံဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ကရင်နီပြည်နယ်အတွင်း ကလေးငယ် ၃ ဦးအပါအဝင် အရပ်သားသေဆုံးမှု အနည်းဆုံး ၁၁ ဦးအထိ ရှိနေပြီး ၎င်းတို့အနက် ၉ ဦးမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ​ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ဓာတ်ပုံ -ပေးပို့
#ဒီးမော့ဆို #လက်နက်ကြီး #စစ်ကောင်စီ #ဒေသခံ #သေဆုံး
#Ayeyarwaddy_Times