
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွန့်ပစ်ခံနေရတယ်လို့ မြန်မာပြည်သူတွေ ခံစားနေရကြောင်းနဲ့ ယူကရိန်းလိုမျိုး ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ တီမောလက်တေး သမ္မတ ထုတ်ဖော်ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွန့်ပစ်မှုနဲ့ သစ္စာဖောက်မှုကို ခံနေရတယ်လို့ မြန်မာပြည်သူတွေက ခံစားနေရတယ်လို့ တီမောလက်စ်တေးနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
အသက်စွန့်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲအပေါ်တုံ့ပြန်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယူကရိန်းခုခံစစ်ပွဲအတွက် ရက်ရောစွာ ထောက်ပံ့မှုနဲ့ ၄င်းက ထောက်ပြခဲ့ပါတယ်။
မြန်မာပဋိပက္ခ အရှိန်မြင့်လာမှုက အိမ်နီးချင်းတိုင်းပြည်တွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အကျိုးသက် ရောက်မှုရှိစေနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာနဲ့ယူကရိန်းပဋိပက္ခအပြင် တစ်ကမ္ဘာလုံးက အခြားအကျပ်အတည်းတွေမှာ ပါဝင်နေတဲ့ သက်ဆိုင် ရာ အဖွဲ့အစည်းတွေအားလုံးက တွေ့ဆုံဆွေးနွေးကြဖို့ ရာမို့စ်ဟော်တာက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှသည် အာဖဂန်နစ္စတန်၊ ယီမင်၊ ယူကရိန်းနဲ့ တီမောလက်စ်တေးနိုင်ငံအထိ ကမ္ဘာ့နိုင်ငံတွေ ဟာ ပဋိပက္ခတွေနဲ့ ကပ်ဘေးတွေရဲ့ဒဏ်ကို ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းသို့ စစ်လက်နက်များအပါအဝင် ပံ့ပိုးကူညီဖို့ လက်မနှေးပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်အားကိုး အနိုင်ကျင့်မှုကိုခံနေရတဲ့ ၄င်းတို့ရဲ့ အတိဒုက္ခကိုတော့ လျစ်လျှူရှုနေကြတယ်လို့ မြန်မာပြည်သူတွေက ဆိုပါတယ်။
ကိုးကား – https://gadebate.un.org
Ref: Statement summary by H.E. Mr. Jose’ Ramos-Horta, President of Timor-Leste