
ကံပေါက် မောရဝတီရေတပ်ဌာနချုပ်မှ ဆေးမှူး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ဦးလက်နက်တွေနဲ့ထွက်ပြေးနေ
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၂၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်ဌာနချုပ်မှ ဆေးမှူး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး စက်တင်ဘာလ ၁၄ ရက် ညပိုင်းက လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ အဲ့ဒီ ရေတပ်တပ်တွင်းသတင်းရင်း မြစ်တွေဆီက သိရပါတယ်။
အဲ့ဒီလိုထွက်ပြေးနေလို့မောရဝတီရေတပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အပူတပြင်းလိုက်လံရှာဖွေနေပေမယ့် ၁၀ ရက်နီးပါးကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
“ထွက်ပြေးတာက အားလုံး ၁၂ ယောက်ပါ။လက်နက်ပါတဲ့ စစ်ကောင်စီတပ်သားတွေရှိသလို လက်နက်မပါတဲ့သူတွေလည်းရှိတယ်။တပ်ထဲမှာနေရာတာက အရမ်းဖိနှိပ်လာတော့ မနေချင်ကြတဲ့ စစ်သားတွေက အရမ်းများလာပြီး အခုလို အခွင့်ရေးရတာနဲ့ သူတို့တွေထွက်ပြေးသွားတာပါ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့တပ်တွင်းသတင်းရင်းမြစ်တဦးက
ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
အဲ့ဒီလိုရေတပ်ဌာနချုပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတာနဲ့ပတ်သက်လို့ ဘေးပတ်ဝန်းကျင်ကရေတပ်တွေကိုပါစည်းကမ်းတင်းကြပ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့မိန်းမတွေကိုပါ ၂နာရီလောက်ခြားပြီး တန်းစီလူစစ်ခန်းမထဲသွင်းထားတယ်လို့ဆိုပါတယ်။
” ဌာနချုပ်ကအဲ့ဒီလိုဖြစ်တယ်လို့တော့ကြားတယ်။ သေချာအသေးစိတ်တော့မသိဘူး။ ကျွန်းပေါ်မှာဆိုတော့၊ ခုရက်ထဲအရင်ထက်ပိုဆိုးလာတာတော့သိတယ်၊ ပိုပိုကြပ်လာတာ၊ ခနတိုင်းတန်းစီတယ်။ ပြီးရင်ခန်းမထဲသွင်းထားတာ” လို့ မောရဝတီရေတပ်ဗျူဟာ ၂ တပ်မိသားစုဝင်တဦးကလည်းပြောပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့နေ့ကစပြီး ကံပေါက် လမ်းဆုံလမ်းခွတွေ၊ အနီးအနားတွေမှာရှိတဲ့ ကျေးရွာတွေနဲ့ လမ်းသွားလမ်းလာ ခရီး သွားပြည်သူတွေကို နေ့တိုင်း ရှာဖွေ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း ကံပေါက်အခြေစိုက်တဲ့ ခလရ ၂၇၃ ခြေလျင်တပ်ရင်းမှ တပ်သား သုံးယောက်လည်း လက်နက်နှင့် အတူထွက်ပြေးပျောက်ဆုံးသွားပါသေးတယ်။
#Ayeyarwaddy_Times