မွန်ပြည်နယ်က ၃ မြို့နယ်တွင် တစ်ရက်အတွင်း စစ်ကောင်စီယာဉ်တန်း နှင့် ဂိတ်စခန်းများ တိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ စက်တင်ဘာလ ၂၃ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် နှင့် သထုံမြို့နယ်တို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် တစ်ရက်အတွင်း စစ်ကောင်စီယာဉ်တန်း ၃ ခုမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ သပြေနီတံတားဂိတ်စခန်း တိုက်ခိုက်ခံရကြောင်း ဒေသခံ PDF အဖွဲ့များထံမှ သိရသည်။

သထုံမြို့နယ်၊ ကျိုက္ကော် နှင့် ဒုံဝန်းကမာစိုင် အကြားတွင် ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းအား KNLA တပ်ရင်း(၂)၊ တပ်ခွဲ(၃) နှင့် အမှတ် (၂) PDF တပ်ခွဲ (၃) တို့မှပူးပေါင်းပြီး ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ကား၂စီးပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိသည်ဟု သိရသည်။.

ထို့အပြင် ကျိုက်ထိုမြို့နယ်၊ အင်္ဂပိုရွာနှင့်ဘိုက်က္ကားရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာကား ၁ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်းသေဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဘီးလင်းမြို့နယ်တွင်လည်း ယမန်နေ့ တေ့လည် ၁၂ နာရီဝန်းကျင်အချိန်၌ ဘီးလင်း၊ သပြေနီတံတားဂိတ်စခန်းအား KRF၊ KNLA နှင့် ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်များမှ Drone ဖြင့် ၃ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KRF၊ KNLA၊ PDF ပူးပေါင်းအဖွဲ့ထံမှ သိရသည်။

“ဘီးလင်းမှာတိုက်တာ အဲ့ဂိတ်က ၃ ယောက်ကို‌ ဆေးရုံကားနဲ့ မော်လမြိုင်ပို့လိုက်တယ်ကြားတယ်။ ကျိုက်ထိုမှာလည်း မိုင်းဆွဲပြီးတော့ စစ်ကောင်စီဘက်ကနေပြီး လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။ လက်ပံပင်သင်္ချိုင်းနားမှာတပ်စွဲထားတဲ့တပ်ကနေရမ်းပစ်တာ။ သူတို့ကအမြဲအဲ့လိုရမ်းသမ်းပစ်နေကြပဲ။ ပြီးတော့ ဒေသခံတချို့လည်းအဖမ်းခံရတယ်လို့ ကြားတယ်” ဟု

ဒေသခံ PDF အဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂပိုကျေးရွာတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု သိရှိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံ PDF အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံ PDF များ၏ စာရင်းများအရ သိရသည်။

#မွန် #၃မြို့နယ် #စစ်ကောင်စီယာဥ်တန်း #ဂိတ်စခန်း #တိုက်ခိုက်ခံရ

#Ayeyarwaddy_Times