
ဗီဒီယိုကွန်းဖရင့်နဲ့လျှို့ဝှက်ညွှန်ကြားထားတဲ့ ညွှန်ကြား ချက်တွေ လှုမှုကွန်ယက်ကိုပြန့်နှံ့လာလို့ တိုင်းမှူး ဗိုလ် ချုပ် ထင်လတ်ဦး ထမင်းမစားနိုင်တဲ့အထိစိတ်ဆိုးနေ
ဟိန်းစံ/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ရခိုင်ပြည်နယ်ကိုကွပ်ကဲနေတဲ့ စစ်ကောင်စီတပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးရဲ့ ညွှန်ကြားချက်တွေကို ထပ်ဆင့်ညွှန်ကြားတဲ့ကြေးနန်းစာ လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာလို့ တိုင်းမှူး ထင်လတ်ဦး စိတ်ဆိုးကြိမ်းမောင်းနေတယ်လို့ နပခစစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကသိရပါတယ်။
ကြေးနန်းစာပါအကြောင်းအရာတွေကို သူ့လက်အောက်က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မမှူး၊စကခမှူးအပါအဝင် တပ်ဌာနချုပ်မှူး၊စစ်ဗျူဟာမှူး၊နည်းဗျူဟာမှူးတွေဆီကို စက်တင်ဘာလ တတိယအပတ်အတွင်းက ဗီဒီယိုကွန်းဖရင့် နဲ့ညွှန်ကြားခဲ့တာဖြစ်ပြီး အခုလိုပြန်လည်ပေါက်ကြားလာတဲ့အပေါ် စိတ်ဆိုးဒေါသထွက်ပြီး ထမင်းမစားနိုင်တဲ့အထိဖြစ်နေတယ်လို့
တပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
အဲ့ဒီ ကြေးနန်းစာဟာ စစ်တိုင်းမှူး ထင်လတ်ဦးရဲ့ နှုတ်နဲ့ညွှန်ကြားခဲ့တဲ့အပေါ် မောင်တောမြို့အခြေစိုက် အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး(နကခ ၁)က ၄င်းရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေကို စက်တင် ဘာလ ၂၀ ရက်စွဲနဲ့ ထပ်ဆင့်ညွှန်ကြားထားတာဖြစ်ပြီး လုံခြုံမှုအဆင့်အတန်း”လျှို့ဝှက်(လဝ – ၂)” နဲ့ညွှန်ကြားထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်စစ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့မှာရုံးမထိုင်ဘဲ နယ်လှည့်နပခတိုင်းရုံးဆိုပြီး စစ်တွေမြို့အခြေစိုက် ဒကစ(စစ်တွေ) ဗန္ဓုလရိပ်သာမှာ လာရောက်ရုံးထိုင်နေတာလို့သိရပါတယ်။
” ထင်လတ်ဦးက ပေါက်ကွဲတာပေါ့ ။ အဲ့ကြေးနန်းစပြန့်လာတာသိသိခြင်း၊ တနေ့ကပေါ့၊ ခုယာယီတိုင်းရုံးလုပ်ထားတဲ့ ဒကစ ထဲကဗန္ဓုလရိပ်သာထဲမှာ အောက်ကအရာရှိတွေကိုအကုန်ပတ်ဆဲနေတာ။ သူက လျှို့ဝှက်ပြီး သူ့အောက်ကတပ်မမှူးတွေ ဌာနချုပ်မှူးတွေကို ဗီဒီယိုကွန်းဖရန့်လုပ်ပြီးညွှန်ကြားတာပေါ့။ အဲ့ဒီလိုပြန်ပေါက်ရကောင်းလားဆိုပြီး ၊
ထမင်းတောင်မစားနိုင်ဘူးလို့သိရတယ်။ သူ့ဟာတွေက လိုင်းပေါ်ခနခနရောက်နေတာဆိုတော့၊ အရင်တခါကလည်း AA စစ်ဦးစီးချုပ်က တက်ကြိတ်မယ်ဘာညာဆိုတုန်းကလည်း သူကလိုင်းပေါ်တအားပြန့်သွားတာ။ ခုလည်းထပ်ဖြစ်တော့အဲ့တာကြောင့်ပေါက်ကွဲနေတာ” လို့ ဒကစ (စစ်တွေ)ရဲ့တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်တိုင်းမှူး ထင်လတ်ဦးရဲ့ညွှန်ကြားချက်အရ ကုန်သည်၊စီးပွားရေးလုပ်ငန်းရှင်တွေ AAနဲ့ဆက်သွယ်ရင် ထိရောက်စွာအရေးယူမယ်ဆိုတဲ့အချက်အပါအဝင် အချက် ၁၀ ချက်ညွှန်ကြားထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ဒုတိယအပတ်ထဲမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမ (ကြည်း) လေးလပတ် ပြောကြားထားတဲ့ စာမျက်နှာ ၅ ခုပါ အဖွင့်မိန့်ခွန်းလည်းပြန့်နှံ့လာခဲ့ပါသေးတယ်။
#AyeyarwaddyTimes