အရာတော်မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ပျူစောထီးနဲ့​ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရဟုဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းအား စက်တင်ဘာလ ၂၂ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ် ဖွဲ့မှ ယနေ့တွင် ထုတ်ပြန်သည်။

အင်အား ၃၀ ခန့်ရှိသည့်စစ်တပ်နှင့် ပျူစောထီး စခန်းအား အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုနှင့် ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနှင့် ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေကိုဝင်တိုက်တဲ့အချိန်၊ စနိုက်ပါနဲ့ပစ်တာ၊ ပျူနဲ့ စစ်ခွေး ၇ ကောင် နေရာမှာတင် လဲကျသွားတယ်။ စနိုက်ပါ မှန်ပြောင်းကနေ သေချာရှင်းရှင်းလင်းလင်း မြင်နေရတာပေါ့။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ အလုံး ၃၀ လောက်ပြန်ပစ်တယ်။ သူတို့ဘက်ကကျတာ စခ ၄ ကောင်နဲ့ပျူစောထီး ၇ကောင်လို့သိရတယ်”ဟု လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့၏

တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အုပ်စုအဖွဲ့ဝင် ၉ ဦးဆေးရုံရောက်ရှိကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။

အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ ပျူစောထီးစခန်းကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးပြီး စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

#AyeyarwaddyTimes