
ထီးလင်းမြို့ ကံသာရွာအတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၁၀ လုံးအား မီးတင်ရှို့၊ PDF များနဲ့ မပတ်သတ်ရန် ဝါဒဖြန့်စာများ ရေးသားသွား
မိုင်မိုင်/ဧရာဝတီတိုင်း
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကံသာကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် လူနေအိမ် ၁၀ လုံးအား မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်များမှာ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်း၌ ကံသာရွာအနောက်ဘက်ရှိ တောင်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ရွာအတွင်းရှိ နေအိမ် ၁၀ လုံးအား မီးတင်ရှို့ခဲ့ခြင်းကြောင့် ကျေးရွာအတွင်း မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” ဒီမနက် ၁၀ နာရီ ၅၀ လောက်မှာ ကံသာရွာကို မီးဝင်ရှို့တာ ရွာထဲမှာ မီးကူးပြီးဆက်လောင်နေတယ်။ အရေးပေါ်မီးသတ်ရန် လိုအပ်နေပေမယ့် စစ်ကောင်စီတပ်တွေ ကျန်၊ မကျန် မသိရလို့ သွားမငြိမ်းရဲကြဘူး။ နေ့လည် ၁၂ လောက်မှာ မီးငြိမ်းသွားတယ်” ဟုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များမှာ ကံသာကျေးရွာအတွင်း မွေနှောက်ရှာဖွေမှုများပြုလုပ်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
ဒါ့ပြင် အဆိုပါ မီးရှို့ဖျက်ဆီးခဲ့ရသော လူနေအိမ်များမှာ ကံသာရွာသားများဖြစ်ကြသည့် ဦးပြား၊ ဦးမျိုးဆွေ၊ ဦးသန်းဝင်း၊ ဦးစိန်အောင်၊ ဦးတင်ဖေကြီး၊ ဦးနက်ကျော်၊ ဦးကျော်ဖေ၊ ဦးတင်အောင်ကြီး၊ ဦးကျော်စိန်၀၊ ဦးအေးကြူ၊ ဦးဝကွန်း တို့၏ နေအိမ်များဖြစ်ကြကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် လူနေအိမ်များအတွင်း NUG၊ PDF၊ YDF မပတ်သတ် လက်မခံကြရန်၊ လက်ခံပါက နောက်တစ်ကြိမ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမည်ဟု လည်းကောင်း စာသင်ကျောင်းတွင်လည်း “ပြည်ဖျက်ရွာဖျက် PDF” ဆိုသည့် ဝါဒဖြန့်စာသားများရေးသားထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#Ayeyarwaddy_Times