
ပုသိမ်မြို့က ဆရာမတစ်ဦး ကိုဗစ်ကူးစက်ခံထားရတဲ့ကျောင်းမှာ ကျောင်းသားတွေ ပုံမှန်ကျောင်းတက်ခိုင်းဖို့ မိဘတွေကို စစ်ကောင်စီက ခေါ်ယူသတိပေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ကုန်သည်လမ်းရှိ အ.မ.က(၂၄)မှာ ဆရာမတစ်ဦး ကိုဗစ်ကူးစက်ခံထားရပေမယ့် ကျောင်းဆက်ဖွင့်မယ်လို့ စစ်ကောင်စီကြေငြာလိုက်ပါတယ်။
ဒါ့အပြင် ကျောင်းမှာ စာသင်နေတဲ့ဆရာမတစ်ဦး မှာကိုဗစ်ပိုးတွေ့ရှိခဲ့ပေမယ့် ကျောင်းသားမိဘတွေအနေနဲ့ စိတ်မပူကြပဲ ကလေးတွေကို ကျောင်းပုံမှန်တက်ခိုင်းဖို့ ခေါ်ယူသတိပေးပြောဆိုခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
“မနေ့က ဆရာမကိုဗစ်ဖြစ်လို့ မိဘတွေကလေးတွေကိုလာခေါ်တာ ရုတ်ရုတ်သဲသဲဖြစ်ရော။ သိပ်မကြာဘူး။ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးအဖွဲ့က လူတွေရောက်လာပြီး မိဘ ၁၀ ဦးကို ရွှေးခေါ်ပြီး အန္တရာယ်မရှိဘူး။ ကျောင်းပိတ်စရာမလိုဘူး။ ခေါ်ပြောတာ အရင်အစိုးရလက်ထက်မှာ
ကန့်ကွက်ရဲပေမယ့် ခုက သေနတ်တွေနဲ့ဆိုတော့ငြိမ်ပြီးပြန်လာရတယ်။ ကလေးတွေကျောင်းမလွှတ်ပြန်ရင်လဲ ပြသနာရှာမှာစိုးရသေးတယ်။ ကိုယ့်ကလေးမကူးပါစေနဲ့ပဲဆုတောင်းရတော့မှာပဲ”လို့ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မနေ့က စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူက မိဘ ၁၀ ဦးကိုသာ ခေါ်ယူပြီး ခုလို ကိုဗစ်ပိုးတွေ့ပေမယ့် စိုးရိမ်ဖို့မလိုပဲ ပိုးသတ်ဆေးဖြန်းပေးမှာဖြစ်ပြီး ကျောင်းကို နေ့စဥ် ပုံမှန်အတိုင်း ကျောင်းထားပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ အ.မ.က(၂၄)ကျောင်းက ဆရာမဆိုသူဟာ စက်တင်ဘာလ ၂၁ ရက်နေ့က ခင်ပွန်းဖြစ်သူ နေမကောင်းတာကြောင့် ဆေးရုံလိုက်ပို့ခဲ့ပြီး RTDနဲ့စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ခဲတာဖြစ်ပါတယ်။
ကူးစက်ခံရတဲ့ဆရာမဟာ ကိုဗစ်ကာကွယ်ဆေး ၄ ကြိမ်ထိုးပြီးသား ဖြစ်တာကြောင့် နေအိမ်မှာသာနေထိုင်ဖို့ ညွန်ကြားခဲ့ပြီးနောက်ပိုင်း ကျောင်းရှေ့မှာ မိဘတွေက ကလေးတွေကို ပြန်ခေါ် ရာမှာ ကျောင်းဘက်က ပြန်မလွှတ်ပေးရာက လူစုလူဝေးဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
#ပုသိမ် #အမက၂၄ #ကိုဗစ် #ကျောင်းဆက်ဖွင့် #စစ်ကောင်စီ
#Ayeyarwaddy_Times