
ရန်ကုန်၊ သုံးခွမြို့နယ်က ရဲစခန်းကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် တိုက်ခိုက်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ရန်ကုန်တိုင်းတောင်ပိုင်း သုံးခွမြို့နယ်ရှိ အမှတ် ၁၁ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းပေါ်ရှိ သုံးခွမြိူ့နယ် မြို့မရဲစခန်းကို ယနေ့ နေ့လည် ၂ နာရီခွဲက မြို့ပြပျောက်ကြား တပ်ဖွဲ့များက ၄၀ မမ ဗုံးသီးလောင်ချာဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု့တွင် အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိပြီး အသေအဆုံးများလည်း ရှိနှိုင်ကြောင်း မြို့ခံများထံက သိရသည်။
“ထိတာတော့ထိတယ်။ လူနာတင်ကားတွေ သွားကြတာတွေ့တယ်။ လမ်းကိုလည်း ပိတ်လိုက်တယ်။ ညနေကမှပြန်ဖွင့်တယ်။ အထိအခိုက်၊ အသေအဆုံးတော့ ကျနော်တို့က အဝေးကနေပဲမို့ မသိရဘူး။ အနီးကပ်လည်း အခုညအထိ မသွားရဲဘူး” ဟု သုံးခွမြို့ခံ တဦးက ဧရာဝတီတိုင်းမ် သတင်းဌာနသို့ ဆိုသည်။
အဆိုပါကိစ္စကို ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပြုလုပ်ခဲ့သော်လည်း မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ယနေ့အချိန်အထိ အာဏာသိမ်း စစ်တပ်သည် ရန်ကုန်မြို့ပြ နေရာအနှံ့ လုံခြုံရေး အင်အားကို အများအပြား အသုံးပြုနေရဆဲ ဖြစ်သလို ရန်ကုန်မြို့ အပါအဝင် မြို့ပြကြီးများကိုပါ ထိန်းချုပ်ရေး ကြိုးစားနေရဆဲ ဖြစ်သည်။
“စစ်တပ်က ရန်ကုန်ကို အခုထိ မထိန်းနိုင်တာ သိသာနေတယ်။ အာဏာသိမ်းတာ ၂ နှစ်ပြည့်တော့မယ်။ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတယ်။ စစ်တပ်ကလည်း အင်အားတွေ လျော့ကျနေတယ်။ နည်မျိုးစုံနဲ့ ထိန်းနေပေမယ့် သူတို့သတင်းပေး ဒလန်တွေကြောင့် အခုထိ နိုင်နင်းနေသေးတာ” ဟု ရန်ကုန် မြို့ပြ ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူ တဦးက
သုံးသပ်သည်။