
တပ်ကုန်းမြို့နယ်မှာ PDF ၃ ယောက်အလင်း ဝင်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်
ဟိန်းစံ/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်စစ်ကောင်စီက ၄င်းတို့ထံအလင်းဝင်ရောက် လာတဲ့ PDF ၃ ဦးကို ပြန်လည်လက်ခံတဲ့အခမ်းအနား စက်တင်ဘာလ ၂၁ ရက် မနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေပြည်တော်ကောင်စီ လှုမှုကွန်ယက်စာမျက်နှာမှာ ဝါဒဖြန့်ဖော်ပြလာပါတယ်။
စစ်ကောင်စီထံအလင်းဝင်ရောက်လာတယ်ဆိုတဲ့ PDF ဆိုသူတွေကို မသိရှိဘဲ တပ်ကုန်းမှာ အရင်ထဲက PDF ဖွဲ့စည်းထားတာမျိုးမရှိဘူးလို့ နေပြည်တော် တော်လှန် ရေးအင်အားစုတွေကပြောပါတယ်။
” တပ်ကုန်းက နဂိုထဲက PDF မရှိဘူး။ နေပြည်တော်ဆိုပြီးတော့ဘဲ PDF တပ်ရင်းတွေဖွဲ့ထားတာဘဲရှိတယ်။ UG အဖွဲ့တော့ရှိတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က အဲ့ဒီ UG အဖွဲ့ဝင်အကုန်နီးပါးအဖမ်းခံလိုက်ရတာမျိုးရှိတယ်။ စကစ ကိုအလင်းဝင်လာတယ်ဆိုတဲ့သူတွေကိုသိလည်းမသိဘူးပေါ့။ ကျနော်တို့ကျန်တဲ့နေပြည်တော်ထဲကမဟာမိတ်တွေကိုလည်း
လိုက်မေးကြည့်ပြီးပြီ၊ သူတို့လည်းမသိကြဘူး။ ဖြစ်နိုင်တာကတော့ သူတို့ကြံ့ခိုင်ရေးကလူတွေဖြစ်မယ်ထင်တယ်” လို့ နေပြည်တော်စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က ဝါဒဖြန့်တာတွေကိုနည်းလမ်းပေါင်းစုံနဲ့ပိုမိုလုပ်ဆောင်လာလို့ ပြည်သူလူထုအနေနဲ့မယုံကြည်ကြဖို့ သူကဆက်လက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှာ ခိုးမှုနဲ့ထောင်ချခံခဲ့ရသူ ၄ ဦးကို အလင်းဝင်ရောက်လာတဲ့PDF တွေလို့ စစ်ကောင်စီကဝါဒဖြန့်ဖော်ပြခဲ့ပါသေးတယ်။
ဓာတ်ပုံ – Naypyitaw Council
#တပ်ကုန်း #PDF #အလင်းဝင် #စစ်ကောင်စီ
#Ayeyarwaddy_Times