
မီဇိုးပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်မည့် ရူပီး ၁၆ သိန်းခန့် တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ အာသံရိုင်ဖယ်တပ်၏ဖမ်းဆီးခံရ
ဧရာဝတီတိုင်းမ်
(မီဇိုး)၊ စက်တင်ဘာ ၂၂ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟား(Siaha) ခရိုင်တွင် မြန်မာနိုင်ငံသား ၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးတို့ထံတွင် မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်မည့် စစ်ဘက်သုံးပစ္စည်များနှင့် စပ်ဆိုင်သော ပစ္စည်းအမြောက်အများကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသော စစ်ဘက်သုံးဆိုင်ရာပစ္စည်းများသည် ကာလတန်ဖိုး ရူပီး ၁၆သိန်းခန့်ရှိ ကြောင်းသိရပြီး လေသေနတ်၊ လေသေနတ် ကျည်ဆန်များ၊ တိုက်ခိုက်ရေး ယူနီဖောင်းများ၊ ရေဒီယို ဝတ်စုံများ၊ နည်းဗျူဟာ အင်္ကျီများ၊ နည်းဗျူဟာ လက်အိတ်များနှင့် ဖိနပ်များကို ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။
“ယခုနောက်ပိုင်းမှာ နယ်စပ်ဂိတ်မှာ တာဝန်ကျတဲ့ အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက ပြောက်ကျားဝတ်စုံသယ်ဆောင်တာတွေတွေ့ရင် ဖမ်းပြီ။ အရင်တုန်းကတော့ လွတ်လွတ်လပ်လပ်သယ်ဆောင်လို့ရတယ်။ စစ်ဘက်ဆိုင်ရာမှာ အသုံးပြုလို့ရမယ်လို့ ယူဆထားတဲ့ ပစ္စည်းမှန်သမျှကို နယ်စပ်ဂိတ်တွေမှာ ဖမ်းတော့တာပဲ။ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဒီဒေသရဲ့
အခြေအနေတွေကို သေချာလေ့လာပြီးမှ ပစ္စည်းသယ်ဆောင်တာတွေကို ပြုလုပ်စေချင်ပါတယ်” ဟု မီဇိုးပြည်နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ – အိန္ဒိယနယ်စပ်၊ မီဇိုးပြည်နယ်တွင် ဗဟိုအစိုးရက တိုက်ခိုက်ရေးဒရုန်းရောင်းဝယ်မှုများတားမြစ်ခြင်း၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များဖမ်းဆီးခြင်း၊ မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်မည့် ပြောက်ကျားဝတ်စုံများကို ဖမ်းဆီးခြင်းနှင့် မြန်မာစစ်ဘေးရှောင်ပြည်သူများသွားလာဝင်ထွက်မှုများကို ကန့်သတ်ခြင်းတို့ကို
အာသံရိုင်ဖယ်တပ်ဖွဲ့က တွင်ကျယ်စွာ ပြုလုပ်လာသည်ဟု ဒေသခံများက ဆိုသည်။
အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆိုင်ဟားခရိုင်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် Niawtlang အနီးတွင် ယာဉ်နှစ်စီးကို စစ်ဆေးရာတွင် အဆိုပါပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းဒေသခံသတင်းဌာနများ၏ ရေးသားထုတ်ပြန်ချက်အရသိရသည်။
#မီဇိုးပြည်နယ် #မြန်မာနိုင်ငံ #စစ်လက်နက် #အာသံရိုင်ဖယ် #ဖမ်းဆီး
#Ayeyarwaddy_Times