
ပုသိမ်မြို့မှာ ၂ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာလ ၂ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းမှာ ပုသိမ် – ငွေဆောင်းသွားတဲ့ ကားလမ်းပေါ်မှာ ၁ လောင်းတွေ့ရှိပြီး ၂ ရက်လောက် အကွာမှာ ကမ်းနီးကျေးရွာအပိုင် မြစ်ထဲ အလောင်း ၁ လောင်းထပ်မံတွေရှိခဲ့ကာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပုသိမ်ဘူတာ ရိပ်သားဝန်းထဲမှာ ပိုင်ရှင်မဲ့အမျိုးသား အလောင်း ၁ လောင်းထပ်မံတွေရှိခဲ့တာလို့ ဒေသခံပရဟိတ အသင်းအဖွဲ့တွေဆီက
သိရပါတယ်။
“ ၂ ပတ်အတွင်းမှာ ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့တာ အဓိကတော့ ကိုဗစ်နဲ့ သေဆုံးတာဖြစ်မှာ စိတ်ပူ နေကြတာ ရဲတွေကလည်း အလောင်းတွေရင် ဆေးရုံပဲယူသွားခိုင်းတာ နောက်ပိုင်း ဘာဖြစ်လို့သေတယ်ဆိုတာ ဘယ်သူမှမသိရတော့ဘူး”လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေက ဘာရောဂါနဲ့သေဆုံးတာလည်း သိချင်နေသလို ကိုဗစ်ရောဂါနဲ့သေဆုံးတာမျိုး ဖြစ်မှာကိုလည်း စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စက်တင်ဘာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၅ ဦးကျော်တွေ့ရှိထားပြီး ဧရာဝတီတိုင်းမှာ ရောဂါကူးစက်ခံရမှု တတိယအများဆုံးမြို့ဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။