
ကန်ပက်လက်ရဲစခန်းက ရဲ ၁ ဦး သေနတ် ၂ လက်ယူလာပြီး CDF ကန်ပက်လက် ထံပူးပေါင်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ CDM ပြုလုပ်အလင်းဝင်ရောက်လာကြောင်း CDF ကန်ပက်လက်က ယမန်နေ့ စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်သည်။
CDM ပြုလုပ်ပူးပေါင်းလာသူမှာ ကန်ပက်လက်ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးဇင်ဖြစ်ပြီး CDF ကန်ပက်လက်၏ ဖိတ်ခေါ်ချက်အရ သေနတ် ၂ လက်ခဲယမ်းများနှင့်အတူ ပူးပေါင်းအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရဲတပ်သားသည် G3 ၁ လက်၊ M16 ၁ လက်၊ G3 ကျည်ဘောက် ၃ ခု၊ M16 ကျည်ဘောက် ၂ ခု၊ 7.62 mm ကျည် ၁၁၀တောင့်၊ 9mm ကျည် ၅ တောင့်၊ ကျည်ကာ တစ်ထည်တို့ပါယူဆောင်လာ၍ CDF အဖွဲ့ထံဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းကို လွတ်မြောက်နယ်မြေသို့ပို့ဆောင်ခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေတို့ ပေးအပ်ခဲ့ပြီး CDF-Kanpetlet မှ ပြည်သူနှင့် ပူးပေါင်းလိုသော မည်သည့်ရဲနှင့် တပ်မတော်သားမဆို ဖိတ်ခေါ်လျက်ရှိကြောင်း ဖိတ်ခေါ်ထားသည်။
#AyeyarwaddyTimes