ဧရာဝတီတိုင်းက ကမ်းခြေများရှိ ဟိုတယ်၊ဘန်ဂလိုများက ဧည့်သည်တွေကို ဝရမ်းစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ စစ်ကောင်စီညွှန်ကြားထား

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေဒေသများရှိ ဟိုတယ်၊တည်းခိုခန်းနဲ့ ဘန်ဂလိုများတွေမှာ လာရောက်တည်းခိုသူတွေကို စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ဝရမ်းစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှလက်ခံဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဝရမ်းစာရင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူများ၊ PDF နှင့် ပတ်သတ်နေသူများ အစရှိတဲ့ စစ်ကောင်စီရဲ့ ပုဒ်မတပ်အမှုဖွင့်ခံထားရသူတွေပါဝင်နေပြီး တွေ့ရှိပါကသတင်းပေးတိုင်ကြားရန် ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူအချို့ထံမှ သိရပါတယ်။

“စစ်​ကောင်စီက ၅၀၅ ရော အကြမ်းဖက်ပုဒ်မတွေနဲ့ ပတ်ထားသူတွေရော အကုန်အဲ့ဒီဝရမ်းစာရင်းမှာ ပါပါတယ်။ လာတည်းတဲ့ ဧည့်သည်တွေကိုလည်း ဝရမ်းမှာပါတဲ့ပုံနဲ့ မျက်နှာတိုက်ဆိုင်စစ်ဆေးဖို့ တကယ်လို့ တွေ့တယ်ဆိုတဲ့နဲ့ အုပ်ကြီးတွေဆီအကြောင်းကြားဖို့ ညွှန်ကြားထားတာပါ” လို့ ဧရာဝတီတိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ အစရှိသော ကမ်းခြေဒေသများက ဟိုတယ်၊ တည်းခိုခန်း၊ ဘန်ဂလိုတာဝန်ရှိသူတွေအနေနဲ့လည်း လာရောက်တည်းခိုသည့် ဧည့်သည်များကို ဝရမ်းပါဓာတ်ပုံများနဲ့ မျက်နှာတိုက်ဆိုင် စစ်ဆေးဖို့၊ နေ့စဥ် မပျက်မကွက် ဧည့်စာရင်းတိုင်ကြားဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“ဟိုတည်၊ တည်းခိုခန်းတွေအနေနဲ့ မှတ်ပုံတင်မပါရင်လက်မခံဖို့ နေ့စဥ် မဖြစ်မနေ ဧည့်စာရင်းတိုင်ဖို့လည်းပါပါတယ်။ ဒေသအသီးသီးက ရှောင်တိမ်းလာတဲ့သူတွေ ဒီမှာတွေ လာခိုနေတာမျိုးကို ဖမ်းဆီးနိုင်ဖို့ဖြစ်မယ်ထင်ပါတယ်” လို့ ချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီလိုလုပ်ရတာဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးဖို့ ပြင်ဆင်နေဖြစ်တယ်လို့ သူတို့တွေအနေနဲ့ ကမ်းခြေဒေသမှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ ဘန်ဂလိုတွေမှာ လာရောက် ရှောင်တိမ်းပုန်းခိုပါက ဖမ်းဆီးနိုင်ဖို့ ပြင်ဆင်နေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ထားပါတယ်။

#ကမ်းခြေ #ဟိုတယ် #တည်းခိုခန်း #ဝရမ်းစာရင်း #စစ်ကောင်စီ

#Ayeyarwaddy_Times