ရေးမြို့နယ်က ပရဟိတမွန်လူငယ်အားသတ်ဖြတ်ရာတွင်အဓိကပါဝင်ခဲ့သည့်နယ်ထိန်းရဲကို ရေးဘီလူးက သေနတ် ၁၆ ချက်ပစ်ခတ်ရှင်းလင်း

ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာလ ၂၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်က နယ်ထိန်းရဲ အောင်ကျော်မင်းအား စက်တင်ဘာ ၂၁ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် မွန်ပြည်နယ်အခြေစိုက် ‌ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ထိန်းရဲ အောင်ကျော်မင်းသည် လမိုင်းမြို့ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဖြစ်ပြီး မော့ကနင်မြို့နယ်အတွင်း၌ရှိနေစဉ် ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ၁၆ ချက်ပစ်ခတ်ရှင်းလင်းခဲ့သဖြင့် ပွဲချင်းပီးသေဆုံးခဲ့ကြောင်းသိရသည်။

“သူကလမိုင်းမြို့မ ၁၊၂၊၃ မြို့နယ် အပိုင်နယ်ထိန်း‌၊ စခန်းမှူးပီးရင်သူကအကြီးဆုံးဘဲ၊ ရေးကမွန်လူမျိုးပရဟိတကောင်လေးတယောက်ကို သတ်တာမှာအဓိကပါခဲ့တော့ သူ့အတွက်တရားမျှတမှုပြန်ယူပေးတာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လမိုင်းမြို့နယ် နယ်ထိန်းရဲ အောင်ကျော်မင်းသည်ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက ပရဟိတအသင်းရုံးမှ နေအိမ်သို့ပြန်လာသည့် မွန်လူငယ် မင်းလင်းအောင်ကို လမိုင်းရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ရာတွင် အဓိကပါဝင်ခဲ့သူဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ကဆိုသည်။

ရေးဘီလူးအဖွဲ့သည် ယနေ့ မနက်အစောပိုင်းတွင်လည်း ရေးမြို့နယ်အတွင်းရှိအုပ်ချုပ်ရေးပိုင်းများနှင့် Non-CDM များအားအမြန်ဆုံးနှုတ်ထွက်ရန်သတိပေးခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်တွင်လည်း စစ်ကောင်စီသတင်းပေးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။

#AyeyarwaddyTimes