
သန်လျင်-ကျောက်တန်း ၆ လမ်းသွား လမ်းဆုံက ဗိုလ်ကျနေတဲ့ ယာဥ်ထိန်းရဲကင်းကို သန်လျင်PDF တိုက်ခိုက်၊ ရဲကင်းပျက်စီးပြီး ယာဥ်ထိန်းရဲဒဏ်ရာရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ သန်လျင်-ကျောက်တန်း ၆ လမ်းသွား လမ်းဆုံ၌ ဗိုလ်ကျနေသည့် ယာဥ်ထိန်းရဲ ကင်းကို အပြင်းစားဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သန်လျင် (ပ.က.ဖ)တပ်ဖွဲ့က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါလမ်းဆုံရှိ ယာဥ်ထိန်းရဲကင်းကို ယနေ့ စက်တင် ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်၌ အပြင်းစားဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သန်လျင်မှာ လှုပ်ရှားမှုတွေက ငြိမ်သလောက်ဖြစ် နေတော့ စစ်ခွေးတွေက လုပ်ချင်တိုင်းလုပ်နေတာ များနေပြီ။ ဒါကြောင့် သန်လျင်သားတွေ သွေးမအေးကြောင်း ပြလိုက်တာပါ”ဟု သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းယာဥ်ထိန်းရဲကင်းတွင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲတို့ ပူးပေါင်းပြီး ငွေညှစ်တောင်းရမ်းမှူများရှိနေပြီး လမ်းသွားလမ်းလာများကို နည်းမျိူးစုံဖြင့် နှိပ်စက်မှုများရှိ ကြောင်း အနီးပတ်ဝန်း ကျင်တွင်နေထိုင်သည့် ဒေသခံ၏ပြောပြချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ယာဥ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရဲကင်းမှာပျက်စီးသွားကြောင်း သိရသည်။
အလားတူ ယနေ့ နေ့လည်ပိုင်းအချိန်တွင် ခရမ်းမြို့ပေါ်တနေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေရာအတိအကျနှင့် ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးကြောင်း ခရမ်းချန်နယ်က ဖော်ပြချက်အရသိရှိရသည်။
ဓာတ်ပုံ – ယာဥ်ထိန်းရဲကင်းအနီး သန်လျင်မြို့နယ်စစ်ဆေးရေးဂိတ်။(ပုံဟောင်း)
#AyeyarwaddyTimes